ဒီနေ့ ကယားပြည်နယ် လွိုင်ကော်မြို့မှာကျင်းပတဲ့ အစိုးရနဲ့ကေအင်န်ပီပီတို့ရဲ့ တတိယအကြိမ် ပြည်ထောင် စုအဆင့်ဆွေးနွေးပွဲမှာ ပြီးခဲ့တဲ့ဇူလိုင်လတုန်းက ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ပြည်ထောင်စု အဆင့်ဆွေးနွေးပွဲတုန်းက သဘောတူညီခဲ့ကြတဲ့ အချက် ၈ ချက်ကို ဆက်လက်ဆွေးနွေးကြပါတယ်။
အဲဒီအချက်တွေထဲမှာ ငြိမ်းချမ်းရေးဖြစ်စဉ် စောင့်ကြည့်ရေးကော်မတီဖွဲ့စည်းရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ ဒေသဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်သွားရေးနဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို ဆက်လက်ဆွေးနွေးရေး စတဲ့အချက်တွေ ပါဝင်ပါတယ်။
ကေအင်န်ပီပီနဲ့အစိုးရတို့အကြား ဆက်ဆံရေးဟာ နှစ်ဦးနှစ်ဖက်ယုံကြည်မူပိုရှိလာတဲ့အတွက် အရင်အခြေအနေနဲ့နှိုင်းယှဉ်ရင် တိုးတက်မှုရှိနေပြီဖြစ်ကြောင်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ်က အခုလိုပြောပါတယ်။
“ကျနော်တို့ ကေအင်န်ပီပီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်တဲ့အခါမှာ နှစ်ဦးနှစ်ဖက်စလုံး ယုံကြည်မှုပိုမိုတိုးတက်ပြီး ရရှိလာတယ်လို့ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်၊ တပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးလည်း နှစ်ဖက်အဖွဲ့အစည်းများဟာ ညှိနှိုင်းပြီးဆက်လက်ဆောင်ရွက်သွားမယ်ဆိုရင် ဒီထာဝရငြိမ်းချမ်းရေးကို ရရှိသွားမယ်လို့ ကျနော့်အနေနဲ့ ယုံကြည်ကြောင်းတင်ပြလိုပါတယ်”
ဒီနေ့ နှစ်ဖက်ဆွေးနွေးပွဲကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ်၊ မြန်မာငြိမ်းချမ်းရေးစင်တာ အကြံပေးအရာရှိ ဦးလှမောင်ရွှေစတဲ့ ပုဂ္ဂိုလ်တွေနဲ့ ကေအင်န်ပီပီဘက်က စစ်ဦးစီးချုပ်ဗိုလ်ချုပ် ဘီထူး၊ ဒုဥက္ကဌ ခူးဦးရယ်၊ တွဲဘက်အတွင်းရေးမှူး (၂) ဦးရွှေမျိုးသန့်တို့ တက်ရောက်ကြပါတယ်။
ဆွေးနွေးပွဲကို မနက်ဖြန်အထိ ဆက်လက်ကျင်းပမှာဖြစ်သလို ဆွေးနွေးပွဲအပြီး မကြာခင်မှာပဲ ကေအင်န်ပီပီကိုယ်စားလှယ်တွေဟာ ကေအိုင်အိုဌာနချုပ် လိုင်ဇာမှာ အောက်တိုဘာလ ၃၀ ရက်လောက်မှာကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဆွေးနွေးပွဲကို တက်ရောက်မယ်လို့ သိရပါတယ်။
ဒီနေ့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။