ကေအင်န်ပီပီနဲ့အစိုးရ ငြိမ်းချမ်းရေး သဘောတူညီချက် ၇ ခု လက်မှတ်ရေးထိုး

0:00 / 0:00

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ရဲ့ ဒီနေ့နောက်ဆုံးနေ့ဆွေးနွေးပွဲ မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးပွဲမတိုင်ခင် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ ရဲ့ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပသွားဖို့နဲ့ ကယားပြည်နယ် မှာ ငြိမ်းချမ်းရေးဖြစ်စဉ် စောင့်ကြည့်လေ့လာရေးအဖွဲ့ ဖွဲ့စည်းဖို့တွေအပါအဝင် အချက် ၇ ချက်ကို ဒီကနေ့ သဘောတူခဲ့ကြပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်အစိုးရရုံး မှာ နှစ်ရက်ကြာကျင်းပနေတဲ့ တတိယ အကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကနေ ခုလိုသဘောတူညီခဲ့ကြတာပါ။

ဒီသဘောတူညီချက်တွေနဲ့ ပတ်သက်လို့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ အတွင်းရေးမှူး ၂ ဦးရွှေမျိုးသန့်က RFA ကို အခုလို ပြောပါတယ်။

“သဘောတူညီချက် ၇ ချက်ကို ကျနော်တို့ရရှိခဲ့ပါတယ်၊ စောင့်ကြည့်ရေးကော်မတီကို နှစ်ဖက်ကိုယ်စားလှယ် ၅ ဦးစီနဲ့ စုစုပေါင်း ၁ဝ ဦး ဖွဲ့စည်းဖို့ ဒီနေ့မှာ တရားဝင်အတည်ပြုပါတယ်၊ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ရရှိရေးအတွက် ကျနော်တို့ ဆက်လက်သဘောတူတယ်”

နှစ်ဖက်သဘောတူညီချက်တွေထဲမှာ ကယားပြည်နယ်နဲ့ ထိုင်းနိုင်ငံနယ်စပ် မဲစဲမြို့နယ် နယ်ခြားဂိတ် ဘီပီ ၁၃ ကုန်သွယ်ရေးလမ်းကြောင်းအတွက် လုံခြုံရေးကို ကေအင်န်ပီပီတပ်တွေက ကူညီဖို့၊ ဒုက္ခသည်တွေ ပြန်လည်နေရာချ ထားရေးအတွက်ဆောင်ရွက်ဖို့၊ ကယားပြည်နယ်မှာ မြေမြှုပ်မိုင်းရှင်းလင်းရေးနဲ့ ကေအင်န်ပီပီတပ်ဖွဲ့ဝင်တွေ စားဝတ်နေရေးအတွက် အစိုးရကကူညီဖြေရှင်းပေးဖို့၊ လာမယ့် ၂ဝ၁၄ ခုနစ်အတွင်း ကယားပြည်နယ် တစ်ပြည်နယ်လုံး လျှပ်စစ်မီးရရှိဖို့စတဲ့ အချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။

ကေအင်န်ပီပီအနေနဲ့ လာမယ့်အပတ်အတွင်း ကေအိုင်အေဌာနချုပ် လိုင်ဇာနဲ့ မြစ်ကြီးနားမြို့မှာ ပြုလုပ်မယ့် တိုင်းရင်းသားလက်နက်ကိုင် အားလုံးပါဝင်တဲ့ဆွေးနွေးပွဲကို တက်ရောက်ဖို့လည်း သဘောတူညီခဲ့ပါတယ်။

အစိုးရက လာမယ့် နိုဝင်ဘာလအတွင်း ပြုလုပ်ဖို့စီစဉ်ထားတဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ဖြစ်မြောက်ဖို့အတွက် လိုင်ဇာနဲ့ မြစ်ကြီးနားမြို့တွေမှာ ပြုလုပ်မယ့်ဆွေးနွေးပွဲတွေဟာ အရေးကြီးတယ်လို့ ဒီနေ့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက အကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေက ပြောပါတယ်။

လွိုင်ကော်မြို့မှာ နှစ်ရက်ကြာကျင်းပခဲ့တဲ့ ဒီဆွေးနွေးပွဲကို အစိုးရဘက်က ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီက တာဝန်ရှိပုဂ္ဂိုလ်တွေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် စိုးထွဋ်တို့ တက်ရောက်ခဲ့ပြီး ကေအင်န်ပီပီဘက်က ဒုတိယ ဥက္ကဌ ခူးဦးရယ် ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူးစတဲ့ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲ သဘောတူညီချက်တွေနဲ့ ပတ်သက်လို့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ အတွင်းရေးမှူး ၂ ဦးရွှေမျိုးသန့်ကို RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။