KNPP နဲ့ ဝန်ကြီး ဦးအောင်မင်း အဖွဲ့ ငြိမ်းချမ်းရေးဆက်လက် ဆွေးနွေး

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ အ၇င်က သဘောတူညီမှု မရသေးတဲ့ အချက်တွေကို ဒီကနေ့ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကိုယ်စားလှယ် ဝန်ကြီး ဦးအောင်မင်း အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ပြေလည်မှု မရရှိသေးဘူးလို့ သိရပါတယ်။

အစိုးရသစ်က အသစ်ပြန်လည်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးကိုယ်စားလှယ် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အဖွဲ့နဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ဟာ ဒီကနေ့ မနက် ၈ နာရီခန့်က စလို့ လွိုင်ကော်မြို့ တပ်မတော်ခန်းမမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းက KNPP ဘက်က တင်ပြတောင်းဆိုထားတဲ့ နယ်မြေ သတ်မှတ်ရေးနဲ့ အစိုးရ စစ်ကြောင်းတွေ ပြန်ရုတ်သိမ်းပေးဖို့၊ စစ်ဆင်ရေးတွေ ရပ်ဆိုင်းပေးဖို့ အပါအဝင် အချက် ၂၀ ကို သဘောတူညီမှုရရှိဖို့ ဒီနေ့တစ်နေကုန် ထပ်မံ ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့ အားလုံးပြေလည်မှု မရရှိသေးဘဲ ပြည်ထောင်စုအဆင့်နဲ့ နောက်ထပ်တစ်ကြိမ် ထပ်မံ ဆွေးနွေးဖို့ လိုသေးတယ်လို့ ဆွေးနွေးပွဲကို တက်ရောက်နေတဲ့ KNPP ဗဟိုအမှုဆောင် ကော်မတီဝင် ဦးအောင်ဆန်းမြင့် က အာအက်ဖ်အေ ကို ပြောပါတယ်။

"ပြီးခဲ့တဲ့ အချက် ၂၀ အပေါ်မှာပဲ အဓိကထားပြီးမှ စစ်ရေးကိစ္စတွေ ကျနော်တို့ အကြေအလည် ဆွေးနွေးခဲ့တာပေါ့နော်၊ ကျနော်တို့ နောက်တဆင့်တော့ ထပ်ပြီးမှ ကြေလည်အောင် ထပ်ဆွေးနွေးဖို့ နှစ်ဖက် သဘောတူညီချက် တချို့ပဲ ရသေးတယ်ပေါ့နော်။ အားလုံးကြီးကတော့ သဘောတူညီချက် မရသေးပါဘူး။"

အာအက်ဖ်အေက ညနေ ၆ နာရီခွဲအချိန်အထိ ဆက်သွယ် သိရှိထားချက်အရ နှစ်ဘက် သဘောတူညီမှု လက်မှတ်ထိုးနိုင်ဖို့ အချက်တွေကို ညှိနှိုင်းရေးသားနေဆဲ ဖြစ်ကြောင်း၊ ည ၇ နာရီခွဲခန့်မှသာ ထုတ်ပြန် ပြောဆိုနိုင်မယ်လို့ ဦးအောင်ဆန်းမြင့် က ပြောပါတယ်။

ဒီဆွေးနွေးပွဲကို သတင်းရယူနေတဲ့ သတင်းထောက်တွေထံက သိရှိချက်အရကတော့ ဒီကနေ့ မနက်ပိုင်းမှာ စစ်ဖက်ရေးရာ ကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့ကြပြီး ညနေပိုင်းမှာတော့ ကယားပြည်နယ် အတွင်း လယ်မြေဧကပေါင်း ၂၇၀၀ သိမ်းယူခံထားရတဲ့ ကိစ္စ ၊ အသိမ်းခံရတဲ့ လယ်မြေတွေကို လျှော်ကြေးပေးရာမှာလည်း တစ်ဧကကို ကျပ်ငွေ ငါးသောင်း ပဲပေးတဲ့ အတွက် နည်းပါးလွန်းတဲ့ အကြောင်းတွေကို အသေးစိတ် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဝန်ကြီးဦးအောင်မင်းကတော့ ဒီကိစ္စတွေကို တရားဝင် စာရေးတင်ပြဖို့နဲ့ သမ္မတထံ ဆက်တင်ပြပေးမယ်လို့ ပြောဆိုကြောင်း သိရပါတယ်။

ပြည်ထောင်စုအဆင့်နဲ့ တွေ့ဆုံပွဲမှာ KNPP ကရင်နီ အမျိုးသား တိုးတက်ရေးပါတီဘက်က ခူးဦးရယ် ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ၉ ဦး တက်ရောက်ခဲ့ပြီး အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်ဘက်က ဝန်ကြီး ဦးအောင်မင်း အပါအဝင် စွမ်းအင်ဝန်ကြီး ဦးသန်းဌေး၊ ဦးခင်မောင်စိုး၊ အရှေ့ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချူပ် စိုးထွဋ် အပါအဝင် နယ်စပ် လုံခြုံရေးဝန်ကြီးတို့ တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့ဟာ ၁၉၉၅ ခုနှစ်က မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့ပေမယ့် ၃ လ အကြာမှာ သဘောတူညီမှု ပျက်ပြားခဲ့ပြီး အခုအခါ ငြိမ်းချမ်းရေးအတွက် ပြန်လည်ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။