ဗိုလ်ချုပ် ထိန်မောင်အဖွဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုး

2012-02-07

ဒီကနေ့ မနက်ပိုင်းက နေပြည်တော်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီနဲ့ KNU ခွဲထွက် အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ ဗိုလ်ချုပ်ထိန်မောင် ဦးစီးတဲ့ ကရင်ငြိမ်းချမ်းရေး ကောင်စီတို့ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပါတယ်။

RFA

မြန်မာအစိုးရခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းနဲ့ KNU အဖွဲ့မှ စစ်ဦးချုပ် ဗိုလ်ချုပ်ကြီးစောမူးတူးဆေးဖိုးတို့ ဖားအံမြို့မှာ ၂၀၁၁ ဇန်န၀ါရီလ ၁၂ ရက်နေ့က အပစ်ခတ်ရပ်စဲရေးပဏာမ လက်မှတ်ရေးထိုးနေကြပုံ

ကရင် ငြိမ်းချမ်းရေး ကောင်စီအနေနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူဖို့ ဒုတိယအကြိမ် ဆောင်ရွက်တာပါ။ အခုတစ်ကြိမ် ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ကျေနပ်မိပါတယ်လို့ အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် တင်မသီက ပြောပါတယ်။

ဒီကနေ့ အပစ်အခတ် ရပ်စဲရေးကို သဘောတူညီချက် ၇ ချက် ရရှိပြီး လက်မှတ် ရေးထိုးခဲ့တာပါ။ နှစ်ဘက် လက်မှတ်ရေးထိုးနိုင်ဖို့ အကြိတ်အနယ် ဆွေးနွေးခဲ့ရပြီး ဆွေးနွေးပွဲ ပျက်မလိုအထိ ပြင်းထန်လာတာမျိုး ကြုံခဲ့ရပေမယ့် နောက်ဆုံးတော့ သဘော တူညီချက်တွေကို လက်မှတ်ရေးထိုး နိုင်ပါတယ်လို့ ဆွေးနွေးပွဲ ဖြစ်မြောက်အောင် ကြားဝင် ဆောင်ရွက်ပေးသူ ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ဝင် ဗိုလ်မှူး ဒယ်နစ်ဆင်က အာအက်ဖ်အေကို ပြောပါတယ်။

ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူညီပြီးနောက် ပြည်ထောင်စုအဆင့်နဲ့ ထာဝရ ငြိမ်းချမ်းရေးအတွက် အချိန်ယူ ဆောင်ရွက်ရမှာဖြစ်ပြီး တိုင်းရင်းသား အားလုံး ပါဝင်တဲ့ နိုင်ငံရေးအရ ဆွေးနွေးပွဲ ဖြစ်မြောက်ရေးကို အစိုးရဘက်က ဆောင်ရွက်ဖို့ ရှိတယ်လို့ ကရင် ငြိမ်းချမ်းရေး ကောင်စီက ပြောဆိုပါတယ်။

အဖွဲ့ပြောခွင့်ရ ဗိုလ်မှူးချုပ် တင်မသီနဲ့ ဆက်သွယ် မေးမြန်းချက်ကို နားဆင်ပါ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်