အပစ်ရပ်ရေးဆွေးနွေးဖို့ KNU ကိုယ်စားလှယ်အဖွဲ့ ဖွဲ့

ကရင်အမျိုးသား အစည်းအရုံး KNU ဟာ မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးဖို့အတွက် တွေ့ဆုံဆွေးနွေးရေး ကော်မတီတရပ် ဖွဲ့စည်းလိုက်ပြီလို့ သိရပါတယ်။

0:00 / 0:00

ဒီကော်မတီမှာ အဖွဲ့ဝင် ၇ ဦး ပါဝင်ပြီး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးဖို့အတွက် KNU ဘက်က လတ်တလော ကြိုတင်ပြင်ဆင်တဲ့ သဘောသာ ဖြစ်ကြောင်း အထွေထွေ အတွင်းရေးမှူး နော်ဇစ်ပိုးရာစိန်က ပြောပါတယ်။

"ကော်မတီဖွဲ့တာ ဟိုမှာ စကားသွားပြောဖို့တော့ မဟုတ်သေးဘူး။ ဒါပေမယ့် တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့တော့ ရှိတယ်"

အခုဖွဲ့စည်းလိုက်တဲ့ ကော်မတီမှာ- ဒုတိယဥက္ကဋ္ဌ စောဒေးဗစ် တာကပေါ၊ အထွေထွေ အတွင်းရေးမှူး နော်ဇစ်ပိုးရာစိန်၊ ပဒို စောအားတိုး စတဲ့ KNU ထိပ်ပိုင်းခေါင်းဆောင်တွေ ပါဝင်တယ်လို့ သိရပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရဟာ အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးလိုရင် သက်ဆိုင်ရာ ပြည်နယ်အစိုးရတွေနဲ့ အရင်ဆုံး ဆွေးနွေးဖို့ ထုတ်ပြန်ပြောဆိုထားပါတယ်။ KNU ကတော့ ဗဟိုအစိုးရနဲ့သာ တွေ့ဆုံ ဆွေးနွေးလိုကြောင်း ပြောပါတယ်။

KNU အထွေထွေအတွင်းရေးမှူး နော်ဇစ်ပိုးရာစိန်ကို ဦးဝင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

အသံဖိုင်ယူရန်။