UNFC က ထွက်ဖို့ KNU ဆုံးဖြတ်

0:00 / 0:00

ကရင်အမျိုးသား အစည်းအရုံး KNU အနေနဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC ကနေနုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။

မနေ့ကကျင်းပပြီးစီးသွားတဲ့ KNU ဗဟိုအလုပ် အမူဆောင်အစည်းအဝေးက ဆုံးဖြတ်ခဲ့ တာဖြစ်ကြောင်း မြဝတီမြို့ KNU ဆက်ဆံရေးရုံး တာဝန်ခံ စောမိုးဇက်က RFA ကိုပြောပါတယ်။

အောက်တိုဘာလ ၂၃ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ဘားအံခရိုင် လေးဝါးစခန်းမှာ ကျင်းပခဲ့တဲ့အစည်းအဝေး မှာ KNU အနေနဲ့ UNFC မှာဆက်လက်ပါဝင်ဖို့ သင့် မသင့် ဆွေးနွေးခဲ့ကြပါတယ်။ UNFC မှာ KNU အဖွဲ့ ဆက်ပြီးပါဝင်ဖို့ ဗဟိုအလုပ်အမူဆောင် အဖွဲ့ဝင်တွေ အတွင်း အပြန်အလှန် ဆွေးနွေးမူတွေရှိခဲ့ကြောင်း၊ မနေ့ကတော့ UNFC ကနေ နုတ်ထွက်ဖို့ ဆုံးဖြတ် လိုက်ကြောင်း စောမိုးဇက်က ပြောပါတယ်။

"လူစုနည်းနည်းပေါ့နော် UNFC က မခွဲထွက်ဘူး၊ အဝေးရောက် ကရင်အမျိုးသားတွေကလည်း မခွဲထွက်ဖို့ပြောတယ်၊ ပြောပေမဲ့ အခု ကရင်မျိုးသား အစည်းအရုံးအနေနဲ့ကတော့ ခွဲထွက်ဖို့ကိုတော့ လူများနေတယ်ပေါ့နော်၊ အဲ့ဒါနဲ့ လူအနည်းနဲ့ ဆန့်ကျင်ဘက်ဖြစ်သွားပါတယ်၊ ကျနော်တို့ KNU က ဒီအပစ်အခတ် ရပ်စဲရေးမလုပ်ခင်တုန်းက ကျန်တဲ့အဖွဲ့အစည်း ရှမ်းတို့၊ ဝ တို့၊ ကိုးကန့်တို့သာ အပစ်အခတ်ရပ်စဲရေးကိုလုပ်တာ ကရင်က ဒီမှာခုခံကာကွယ်နေရတယ်၊ အခုအချိန်လည်းကျတော့ သူတို့ဆီမှာ တိုက်ပွဲတွေဖြစ်လာခဲ့တာကျတော့ ကရင်က အခုအချိန်မှာ ပွင့်လင်းမြင်သာမှှုကို လိုချင်တဲ့အချိန်ရောက်နေပြီ၊ ကျနော်တို့ ကရင်အမျိုးသားတွေဟာ နှစ်ပေါင်း ၆ဝ ကျော်ကြာတောင် အချိန်ကြာမြင့်မှှုတွေကို သူတို့ တာဝန်ယူဖြေရှင်းမှာမဟုတ်ဘူးဗျ၊ ကရင့် ကံကြမ္မာ ကရင်ပဲ ဖန်တီးတာ"

အခုဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အောက်တိုဘာလ ၂၉ ရက်နေ့မှာ ကြေညာချက် တရားဝင်ထုတ်ပြန်မှာဖြစ် တယ်လို့ စောမိုးဇက်က ပြောပါတယ်။ ကျင်းပခဲ့တဲ့အစည်းအဝေးမှာ ဗဟိုအလုပ်အမူဆောင် ကော်မတီဝင် ၅ဝ ဝန်းကျင်ရှိတဲ့ အနက်၊ မတက်ရောက်နိုင်သူ ၂ ဦးသာရှိတယ်လို့ သိရပါတယ်။

ညီညွတ်သော တိုင်းရင်းသားများဖက်ဒရယ်ကောင်စီ UNFC ကနေနုတ်ထွက်ဖို့ KNU ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက် ပြီး မြဝတီမြို့ KNU ဆက်ဆံရေးရုံးတာဝန်ခံ စောမိုးဇက်ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။