စစ်ပြေးဒုက္ခသည်များ မှတ်ပုံတင် ပြန်ထုတ်ပေး

စစ်ကြောင့် ရွာပုန်း၊ ရွာရှောင် ထွက်ပြေးနေရတဲ့ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်က ကရင် စစ်ပြေးဒုက္ခသည်တွေကို လဝက ဝန်ကြီး ဦးခင်ရီ ကိုယ်တိုင် မှတ်ပုံတင် ကတ်ပြားတွေ ဒီကနေ့ ညနေပိုင်းမှာ လာရောက် ပေးအပ်သွားပါတယ်။

2012.05.28
knu-govenment-meeting-b305 KNU ကရင်အမျိုးသားအစည်းအရုံး ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် အစိုးရကိုယ်စားလှယ်များ ၂၀၁၂ ခုနှစ် ဧပြီလ ၈ ရက်နေ့က ရန်ကုန်မြို့ရှိ ဆီဒိုနားဟိုတယ်တွင် တွေ့ဆုံဆွေးနွေးနေကြစဉ်။
RFA

ကျောက်ကြီးမြို့နယ် KNU ဆက်ဆံရေးရုံးမှာ ပြုလုပ်တဲ့ အဲဒီအခမ်းအနားမှာ ကရင်ဒုက္ခသည် (၃၆) ဦးအတွက် မှတ်ပုံတင်တွေ လာရောက် ထုတ်ပေးသွားတာ ဖြစ်ကြောင်း KNU ဆက်ဆံရေးရုံး တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။

“ဒီနေ့က နိုင်ငံတော်အကြီးအကဲနေနဲ့ မှတ်ပုံတင်ကိစ္စတွေကို အကုန်လုံးပဲ သူတို့တခါတည်းပဲ အပြီးထုတ်သွားပေးပါတယ်ခင်ဗျ။ နော်ဝေအဖွဲ့နဲ့ လဝက ဝန်ကြီး ဦးခင်ရီကိုယ်တိုင် ပါပါတယ်ခင်ဗျ။ မှတ်ပုံတင်ကိစ္စကို အထူးအလေးပေးပြီး လုပ်သွားပါတယ်။ ၃၀ စာလောက်ကို အခုလက်ရှိ လုပ်သွားပေးပါတယ်။ ရှေ့လုပ်ငန်းစဉ်ကို ဆွေးနွေးကြတယ်ပေါ့ခင်ဗျ။ အခုကတော့ ဒါအပစ်အခတ် ရပ်စဲရေး အဆင့်လောက်ပဲ ရှိသေးတာပေါ့နော်။ အဲဒီကနေပြီးတော့ လုံးလုံးရပ်စဲတဲ့ အဆင့်ထိတော့ သူတို့တွေ ပူးပေါင်းဆောင်ရွက်သွားမယ် ဒါတွေကိုပဲ ဆွေးနွေးသွားပါတယ်”

ကျောက်ကြီးမြို့နယ်က ဒုက္ခသည် နောက်ထပ် တစ်ထောင်ကျော်ကိုလည်း မှတ်ပုံတင်တွေ ထပ်ထုတ်ပေးသွားမယ်လို့ သိရပါတယ်။ မှတ်ပုံတင်ပေးအပ်ပွဲ အခမ်းအနားကို လဝက ဝန်ကြီး ဦးခင်ရီနဲ့အတူ နော်ဝေ (ဒု)နိုင်ငံခြားရေးဝန်ကြီး Mr. Espen Eide နဲ့ အဖွဲ့လည်း တက်ရောက်ခဲ့ပါတယ်။

နော်ဝေနိုင်ငံဟာ KNU နဲ့အစိုးရတို့ အပစ်ရပ် ငြိမ်းချမ်းရေးကိစ္စမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေအတွက် အကူအညီပေးသွားဖို့ သဘောတူထားတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

ပထမအစီအစဉ် အနေနဲ့ အမေရိကန်ဒေါ်လာ (၅) သန်းကို နော်ဝေအစိုးရ ကူညီသွားမယ်လို့ ကျောက်ကြီး KNU ဆက်ဆံရေးရုံးမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နော်ဝေ(ဒု)နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

KNU နဲ့ အစိုးရတို့ လုံးဝ အပစ်အခတ် ရပ်ပြီးတဲ့နောက်ပိုင်းမှာလည်း ဒေသတွင်း မြေမြှုုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းတွေအတွက် နော်ဝေနိုင်ငံက နောက်ထပ် ကူညီသွားဖို့ရှိကြောင်း သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကို ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။