KNU နှင့် မြန်မာအစိုးရ တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမည်

တတိယအကြိမ်မြောက် အပစ်အခတ် ရပ်စဲရေး အကောင်အထည်ဖော်မှုတွေ ဆွေးနွေးဖို့အတွက် KNU ကရင်အမျိုးသား အစည်းအရုံး နဲ့ မြန်မာအစိုးရတို့ ညှိနှိုင်းပြီး ဆွေးနွေးမဲ့ရက် ပြန်လည်သတ်မှတ် အတည်ပြုလိုက်ကြောင်း သိရပါတယ်။

2012.08.28
knu-govet-naw-may-oo-b305 ၂၀၁၂ ခုနှစ် ဧပြီလ ၆ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း (ယာစွန်)၊ KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ် နော်စီဖိုးရာစိန် (အလယ်)နှင့် နော်မေဦး (ဝဲ)တို့ကိုတွေ့ရစဉ်။
RFA

ကရင်ပြည်နယ် ဖားအံမြို့မှာ လာမဲ့ သီတင်းပတ်အတွင်း တွေ့ဆုံမှာဖြစ်ကြောင်းနဲ့ KNU အဖွဲ့အနေနဲ့ ပြည်သူလူထုအတွက် အာမခံချက်ရှိတဲ့ လုံခြုံမှု ရရှိရေး အဓိကထား ဆွေးနွေးမှာ ဖြစ်ကြောင်း KNU အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နော်မေဦးက RFA ကို ပြောပါတယ်။

"ကျွန်မတို့ ဖားအံမှာ ဆွေးနွေးဖို့နဲ့ ဒီဖားအံမြို့ စက်တင်ဘာလ ၁ ရက်နေ့ကို ကျွန်မတို့ ထွက်မှာဖြစ်တယ်။ ပြီးတော့ ၃ ရက်နေ့နဲ့ ၄ ရက်နေ့မှာ ကျွန်မတို့ အစည်းအဝေးလုပ်မယ်။ အဓိကကတော့ ဒီပြည်သူလူထုဘဝ လုံခြုံမှုကို အာမခံနိုင်ဖို့ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျွန်မတို့ အချက်နှစ်ချက် ဆွေးနွေးဖို့ ရှိတယ်။ ပထမတစ်ချက်က နှစ်ဦးနှစ်ဖက် လိုက်နာရမဲ့ ဒီကျင့်ဝတ် စည်းကမ်းများ၊ အပစ်အခတ်ရပ်စဲနဲ့ ပတ်သက်တဲ့ စည်းကမ်းပေါ့နော်။ ဒုတိယတစ်ချက်က တပ်နေရာ ရွှေ့ပြောင်းရေးနဲ့ ပတ်သက်လို့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်"

KNU ကရင်အမျိုးသား အစည်းအရုံးနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့တို့ ကရင်ပြည်နယ် ဖားအံမြို့မှာ အခုသီတင်းပတ် သြဂုတ်လ (၂၇) ရက်ကနေ (၂၉) ရက်နေ့ထိ (၃) ရက်ကြာ တွေ့ဆုံဆွေးနွေးဖို့ အရင်က စီစဉ်ထားခဲ့ရာက အစိုးရဘက်က အကြောင်းပြချက် တစုံတရာ ပေးခြင်းမရှိဘဲ သြဂုတ်လ ၂၅ ရက်နေ့က ရက်ရွှေ့ဆိုင်းကြောင်း ကြေညာခဲ့ပြီးနောက် တွေ့ဆုံမဲ့ရက်ကို ပြန်လည် ညှိနှိုင်း သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။