ကချင်ပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားနေ မှု ကေအဲန်ယူခေါင်းဆောင် ဝေဖန်

0:00 / 0:00

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တစ်နိုင်ငံလုံး အပစ်အခတ်အရပ်စဲရေး ဆွေးနွေးနေ တဲ့အချိန်မှာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ် ပွားနေတာဟာ မဖြစ်သင့်တဲ့ကိစ္စဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဒုတိယ ဥက္ကဌ နော်စီဖိုးရာစိန် က ဒီနေ့ ပြောပါတယ်။

ရန်ကုန်မြို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးရဲ့နေအိမ်မှာပြုလုပ် တဲ့ ဆွေးနွေးပွဲအပြီးမှာ KNU ဒုတိယ ဥက္ကဌ နော်စီဖိုးရာစိန် က ကချင်ပြည်နယ်က တိုက်ပွဲတွေ နဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

"ကျမအတွက်က တွေ့ချင်မြင်ချင်တာကတော့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ပြောနေတဲ့ အချိန်ကာလမှာပြီးတော့ ကျမတို့လည်း တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေတဲ့အချိန်ကာလ မှာကတော့ တိုင်းရင်းသား နယ်မြေအားလုံး အပစ်အခတ်ရပ်စဲရှိဖို့ အတွက်က ကျမတို့ မြင်ချင်တယ် ၊ဖြစ်စေချင်တယ်"

အဲဒီ ဆွေးနွေးပွဲမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ခေါင်းဆောင်တဲ့ ဗဟိုကော်မတီ ဝင်တွေ ၊ KNU ဒုတိယဥက္ကဌ နော်စီဖိုးရာစိန် ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ကြပါတယ်။

KNU ဒုတိယဥက္ကဌ နော်စီဖိုးရာစိန် ခေါင်းဆောင်တဲ့ အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေးအဖွဲ့အစည်းတွေ ၊ အရပ်ဘက် လူမှုအဖွဲ့တွေနဲ့ လည်း တွေ့ဆုံ သွားမယ်လို့ သိရပါတယ်။

ဒီနေ့ ညနေပိုင်းမှာလည်း KNU အဖွဲ့ဟာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့ ခေါင်းဆောင် ဝန်ကြီး ဦးအောင်မင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

KNU ဒုတိယဥက္ကဌ နော်စီဖိုးရာစိန် ခေါင်းဆောင်တဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်၊ မြောင်းမြ ၊ ပန်းတနော် မြို့တွေမှာ ကရင်လူထုနဲ့တွေ့ဆုံပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ပတ်သက်တဲ့ လူထု ဆန္ဒသဘောထားတွေကို မေးမြန်းဆွေးနွေးခဲ့ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုသီဟထွန်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။