မြေမြှုပ်မိုင်းကြောင့် KNU နယ်မြေတွေမှာ သေဆုံးသူတွေ ရှိနေ

မြန်မာနိုင်ငံ အရှေ့ခြမ်းဒေသ KNU တပ်မဟာ (၃၊ ၅၊ ၆၊ ၇) နယ်မြေတွေမှာ မြေမြှုပ်မိုင်းတွေကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိနေသေးတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ဒီကနေ့ပြောပါတယ်။

တပ်မဟာ (၇) နယ်မြေ တနေးချားဒေသ၊ တပ်မဟာ(၅) ဖာပွန်ဒေသ၊ တပ်မဟာ(၆) ဝေါလေဒေသနဲ့ တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊ မုံးမြို့နယ်တို့တွေမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှုအများဆုံးတွေ့ရပြီး လူနဲ့ တိရိစ္ဆာန်တွေ ထိခိုက်သေဆုံးနေရတယ်လို့ KHRG အဖွဲ့ ကွင်းဆင်းဒါရိုက်တာ စောအဲလ်ဘတ် (Saw Albert) က ပြောပါတယ်။

"တပ်မဟာ ၅ မှာဆိုရင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာဆိုရင် မြေမြှုပ်မိုင်းကြောင့် လူ ၅ ယောက် သေတာရှိတယ်၊ နောက်ပြီးတော့ တပ်မဟာ ၇ နဲ့ ၃ တွေမှာလည်း ရွာသားတွေ မိုင်းထိတာရှိတယ်"

နှစ်ဘက်စစ်တပ်တွေက ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ဒီမြေမြှုပ်မိုင်းတွေထောင်ခဲ့ကြရာမှာ စီးပွားရေးစီမံကိန်းတွေ တိုးချဲ့လာတာတွေကို ကာကွယ်ဖို့အတွက် မိုင်းထောင်ကြတာလည်း တွေ့ရတယ်လို့ ပြောပါတယ်။

KHRG အဖွဲ့ဟာ မြေမြှုပ်မိုင်းကိစ္စနဲ့ ပတ်သက်ပြီး ၂၀၁၂ ခုနှစ် သြဂုတ်လကနေ ၂၀၁၃ ခုနှစ် မတ်လအထိ ကွင်းဆင်းလေ့လာ မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေကို စုစည်းဖော်ပြထားတဲ့ အစီရင်ခံစာ တစ်စောင်ကို အင်္ဂလိပ်ဘာသာနဲ့ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအစီရင်ခံစာမှာ တွေ့ဆုံမေးမြန်းမှုပေါင်း (၄၂၂) ခု၊ တွေ့ရှိချက်ပေါင်း (၉၁) ခုထဲကနေ ကောက်နှုတ်ပြီး ဓါတ်ပုံမှတ်တမ်းတွေနဲ့တကွ တင်ပြထားပါတယ်။

မြေမြှုပ်မိုင်းရှင်းလင်းရေးနဲ့ ပတ်သက်လို့ လက်နက်ကိုင်အဖွဲ့တွေက ဖာပွန်ဒေသမှာ ပူးပေါင်းလုပ်ဆောင်မှု တစ်ကြိမ်ရှိခဲ့ပေမဲ့၊ တပ်သားတစ်ယောက် မိုင်းထိခဲ့ပြီးနောက်ပိုင်း ဒီစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်တာ မတွေ့ရတော့ဘူးလို့လည်း စောအဲလ်ဘတ်က ပြောပါတယ်။