KNU ခေါင်းဆောင်တွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စ ရန်ကုန်မှာ ရှင်းလင်း

0:00 / 0:00

လက်ရှိ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကြိုးပမ်းနေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေကို လူငယ်တွေသိရှိအောင် ရည်ရွယ်ချက်နဲ့ KNU ကရင်အမျိုးသားအစည်းအရုံး ခေါင်းဆောင်တွေ ဟာ အရပ်ဖက်အဖဲ့ွအစည်းက ကိုယ်စားလှယ်တွေနဲ့ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ ပါတယ်။

ဒီနေ့ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာလူငယ်များ ဖွံ့ဖြိုးရေးအဖွဲ့က ကိုဝေဖြိုးအောင်က ဆွေးနွေးပွဲ အကြောင်း အခုလိုပြောပါတယ်။

"ကရင်ပြည်နယ် ပြည်သူလူထုအနေနဲ့ကတော့ ကရင်ပြည်နယ်ခေါင်းဆောင်တွေနဲ့ ဒီလို တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဒီလို မျိုးပေါ့ တွေ့ တာကတော့ အရမ်းကောင်းပါတယ်၊ ဘာလို့လဲဆိုတော့ တခါတလေကျလို့ရှိရင် တိုင်းရင်းသားခေါင်းဆောင်တွေက အပေါ်ပိုင်းမှာ အလုပ်လုပ်တာများတယ်၊ အလုပ်လုပ်ရတာ များတယ်ဆိုတော့ ဟိုအောက်ခြေအထိ ပြည်သူတွေရဲ့အသံ၊ ဒီ ကရင်လူမျိုးလူထုတွေရဲ့အသံ၊ အထူးသဖြင့် ဒီ လူငယ်တွေရဲ့အသံကို သိပ်ပြီးတော့ မသိတာများတယ်၊ အဲ့ဒီတော့ ကျနော်တို့လိုမျိုး လူငယ်အဖွဲ့ အစည်းတွေကို သူတို့က အခုလိုမျိုး တွေ့ဆုံပေးလို့ရှိရင် ကျနော်တို့တွေ ရင်ထဲကခံစားချက်တွေ သူတို့ကပိုပြီးသိလာမယ်၊ ကျနော်တို့တွေ အခက်အခဲကို ပိုပြီးနားလည်လာမယ်၊ ကျနော်တို့တွေနဲ့ သူတို့ ပြောလို့ရှိရင် ကရင်ပြည်သူတွေ တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ ဆန္ဒတွေကိုသူတို့ ပိုသိလာလိမ့်မယ်၊ အဲ့ဒါကြောင့်မို့လို့ ကျနော်ကတော့ ဒီလိုမျိုးပွဲတွေ ခဏခဏ လုပ်ပေးစေချင်တယ်"

ဒီနေ့ အခမ်းအနားမှာ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူက ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထူးနဲ့ စည်းရုံးရေးမှူး ပဒိုစောလှထွန်းတို့က အစိုးရနဲ့ ကေအန်ယူအကြား အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ရှင်းပြခဲ့တာဖြစ်ပါတယ်။

အခမ်းအနားတက်ရောက်ခဲ့ကြတဲ့ ကိုယ်စားလှယ်တွေက ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ၊ ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီနေ့ အခမ်းအနားကို ရန်ကုန်မြို့အခြေစိုက် လူငယ်အရပ်ဘက်အဖွဲ့အစည်း ၅၀ ကျော်က ကိုယ်စားလှယ် ၁၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မစန်းမော်အောင် စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။