KNU နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ တတိယအကြိမ် တွေ့ဆုံမည်

တတိယအကြိမ်မြောက် အပစ်အခတ် ရပ်စဲရေး အကောင်အထည်ဖော်ရေး ကိစ္စတွေ ဆွေးနွေးဖို့အတွက် KNU ကရင်အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်နဲ့အဖွဲ့ ကရင်ပြည်နယ် ဖားအံမြို့ကို ထိုင်း-မြန်မာနယ်စပ်ကနေ မနေ့မနက်က ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

2012.09.01
u-myint-swe-knu-naw-si-pho-ra-sein-b305 ၂၀၁၂ ခုနှစ် ဧပြီလ ၅ ရက်က ကျင်းပသော ညစာစားပွဲ၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ကရင်အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး နော် ဇီဖိုးရာစိန်တို့ စကားပြောကြားနေစဉ်။
AFP

KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဟာ အစိုးရဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့နဲ့ စက်တင်ဘာ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ဖားအံမြို့ ဇွဲကပင်ဟိုတယ်မှာ တွေ့ဆုံ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ခရီးမထွက်ခွာခင် RFA ကို ပြောဆိုရာမှာ-

"ကျွန်မတို့အားလုံးကတော့ ဒီပြည်သူလူထုတွေ အတွက်ပေါ့နော်။ ပြည်သူ လူထုတွေရဲ့ဘဝအာမခံချက်အတွက် ကျွန်မ ဒါကို ရည်စူးပြီးတော့ သွားတာဖြစ်တယ်"

ကေအဲန်ယူ ပြောရေးဆိုခွင့်ရှိသူ နော်မေဦးကလည်း ကေအဲန်ယူဘက်က အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်လို့ အဓိက ဆွေးနွေးမယ့် အချက်တွေနဲ့ ပတ်သက်ပြီး ပြောပါတယ်။

"ပြည်သူလူထုဘဝ လုံခြုံမှု အာမခံနိုင်ဖို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျွန်မတို့ဘက်က ရေးဆွဲထားတဲ့ နှစ်ဦးနှစ်ဖက် လိုက်နာမဲ့ ကျင့်ဝတ်စည်းကမ်းတွေ အဲဒါတွေကို ပြန်ပြီး ညှိနှိုင်း ဆွေးနွေးဖို့ရှိတယ်။ နောက် ဒုတိယ အချက်ကတော့ တပ်အရွှေ့အပြောင်း ကိစ္စတို့။ တကယ်တမ်းကျတော့ ကျွန်မတို့နားလည်ထားတာက ဘယ်ပဲရွှေ့သွား၊ ရွှေ့သွား ဒီကရင်ဒေသတွေကို စစ်တိုက်မယ်ဆိုရင် အချိန်မရွေး လာတိုက်လို့ရတယ်။ ဒါပေမယ့် ဒီတပ် အရွှေ့အပြောင်း ကိစ္စတွေဟာ ပြည်သူလူထုဘဝ လုံခြုံမှု အာမခံဖို့လည်း ဖြစ်တယ်။ ပြီးတော့ ယုံကြည်မှု တည်ဆောက်တဲ့ နေရာမှာလည်း အဓိက ကျတယ်။ ဆိုတော့ ဒီကိစ္စတွေ ကျွန်မတို့ဆွေးနွေးမယ်။ အကောင်းဆုံး ဖြစ်အောင် ကျွန်မတို့မျှော်လင့်ပါတယ်"

ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့က မြဝတီမြို့မှာ KNU နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့တို့ တတိယအကြိမ် တွေ့ဆုံ ဆွေးနွေးမယ့်ရက်ကို သြဂုတ်လ ၂၇ ရက်ကနေ ၂၉ ရက်နေ့ထိ ၃ ရက်ကြာ ဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။

ဒါပေမဲ့ သြဂုတ်လ ၂၅ ရက်နေ့မှာ အစိုးရဘက်က ရက်ရွှေ့ဆိုင်းခဲ့ပါတယ်။ အဲဒီနောက် ပြန်လည်ညှိနှိုင်းပြီး စက်တင်ဘာ ၃ ရက်နဲ့ ၄ ရက်နေ့တွေကို တတိယအကြိမ် ဆွေးနွေးဖို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။