KNU ထိပ်တန်းခေါင်းဆောင် ၃ ဦးကို တာဝန်က ရပ်စဲ

KNU ကရင်အမျိုးသား အစည်းအရုံး စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး အပါအဝင် KNU ထိပ်တန်းခေါင်းဆောင် ၃ ဦးကို အဖွဲ့က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို အကြိမ်ကြိမ် ဖောက်ဖျက်မှုနဲ့ မနေ့က စပြီး တာဝန်က ရပ်စဲလိုက်တယ်လို့ သိရပါတယ်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဗဟိုတရားရေးဌာန တာဝန်ခံ ပဒိုဒေးဗစ်ထော၊ လူမှုဝန်ထမ်း နဲ့ ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုရောဂျာတို့ သုံးဦးဟာ ပြီးခဲ့တဲ့လ ၂၉ ရက်နေ့က ကရင်ပြည်နယ် ဖားအံမြို့မှာ KNU နဲ့ KNLA ဗဟိုဌာနချုပ်ရဲ့ သဘောတူညီမှု မရဘဲ KNU ဗဟိုအဆင့် ဆက်ဆံရေးရုံး သွားရောက် ဖွင့်လှစ်ခဲ့တဲ့အတွက် တာဝန်က ရပ်စဲလိုက်တာလို့ အမည်မဖော်လိုတဲ့ KNU အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

သူတို့ ၃ ဦးကို တာဝန်က ရပ်စဲကြောင်း အမိန့်စာကို KNU ဗဟိုအလုပ်အမှုဆောင် ၁၁ ဦး ထံကို ပေးပို့ထားကြောင်း၊ ဒါပေမယ့် တရားဝင် ကြေညာချက် ထုတ်ပြန်တာ မရှိသေးတဲ့ အကြောင်းနဲ့ လစ်လပ်သွားတဲ့ စစ်ဦးစီးချုပ် နေရာမှာ မကြာခင် ရက်ပိုင်းအတွင်း ယာယီ အစားထိုး ခန့်အပ်မယ်လို့လည်း သိရပါတယ်။