ဗိုလ်ချုပ်မူတူးစေးဖိုးကို ကေအဲန်ယူ ဥက္ကဌသစ်အဖြစ် ရွေးချယ်

ကရင်အမျိုးသား အစည်းအရုံး ကေအဲန်ယူရဲ့ (၁၅)ကြိမ်မြောက် ညီလာခံကနေ ဥက္ကဌ၊ အထွေထွေအတွင်းရေးမှူး စတဲ့ ထိပ်ပိုင်း (၅)နေရာကို လူသစ်တွေနဲ့ သောကြာနေ့က အစားထိုးရွေးချယ်တင်မြောက်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ရက်ကနေ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လေးဝါးတပ်စခန်းမှာ စတင်ကျင်းပတဲ့ ညီလာခံကနေ ကေအဲန်ယူရဲ့ထိပ်ပိုင်းခေါင်းဆောင်အဆင့်နေရာ ၅ နေရာမှာ တာဝန်ထမ်းဆောင်ဖို့ လူသစ်တွေကို ရွေးချယ်တင်မြောက်ခဲ့ကြောင်း ညီလာခံကို တက်ရောက်နေတဲ့ ဗဟိုကော်မတီဝင် ဦးမန်းမျိုးမြင့် က ပြောပါတယ်။

"ဗိုလ်ချုပ်မူတူးစေးဖိုးက ဥက္ကဌ၊ ဒုဥက္ကဌက ဆရာမနော်စီဖိုးရာစိန်၊ အထွေထွေအတွင်းမှူးကျတော့ ပဒိုကွယ်ထူးဝင်း၊ တွဲဘက်အတွင်းရေးမှူး(၁)က သောသီဘွဲ၊ တွဲဘက်အတွင်းရေးမှူး(၂)က မန်းမန်း၊ မဲပေးပိုင်ခွင့်ရှိတဲ့ (၁၇၁)ဦးကနေအဆင့်ဆင့်ပေါ့ နောက်ဆုံး ဒီလူကြီးတွေကိုရွေးချယ်တာလေ"

အခု ရွေးချယ်တင်မြောက်ခံရသူတွေဟာ နောက်တစ်ကြိမ်ညီလာခံကျင်းပတဲ့အထိ သက်တမ်း ၄နှစ်ကြာ ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူရဲ့တာဝန်တွေကို ထမ်းဆောင်ကြမှာဖြစ်ပါတယ်။