ကိုးကန့်တိုက်ပွဲ အကျအဆုံး အစိုးရ စစ်တပ် ထုတ်ပြန်


2015.04.19
koekant-305.jpg ကိုးကန့်တပ်ဖွဲ့ဝင် တချို့ကိုတွေ့ရစဉ်။
Photo: AFP

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၉ ရက်နေ့က စတင်ပြီး ကိုးကန့်ဒေ သမှာ အစိုးရတပ်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ရာမှာ အခုထိ အစိုးရ တပ်ဘက်က ၁၂၆ ယောက် ကျဆုံးပြီး၊ ၃၅၉ ယောက် ဒဏ်ရာရရှိခဲ့ တယ်လို့ စစ်တပ်ပိုင် မြဝတီသတင်းက မနေ့က ကြေညာ ပါတယ်။

ဧပြီလ ၁၅ ရက်နေ့အထိ နှစ်ဘက်တပ်ဖွဲ့တွေ ထိတွေ့ ရင်ဆိုင်တိုက်ပွဲပေါင်း၂၅၃ ကြိမ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲတွေအတွင်း ကိုးကန့်တပ်သား အလောင်း ၇၄ လောင်း ရရှိခဲ့ပြီး၊ ၂၂ ယောက် ဖမ်းဆီးမိခဲ့ကြောင်း၊ လက်နက် ၂၂၆ လက်နဲ့ ကျည်ဆန်တွေ၊ မူးယစ်ဆေး ဝါးတွေ သိမ်းဆည်းရမိခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ဒါ့ပြင် လောက်ကိုင်ဒေသ စန်တအိုက်ရှန်နယ်မြေအတွင်း ကိုးကန့်အဖွဲ့တွေ ထောင်ထားတဲ့ ကားမိုင်းတွေနဲ့ ဆက်စပ် ပစ္စည်းတွေကိုလည်း ဖေါ်ထုတ် ရှင်းလင်းနိုင် ခဲ့တယ်လို့ ဆိုပါတယ်။ အစိုးရတပ်ရဲ့ သံချပ်ကာယာဉ်တွေနဲ့ လူတင် ယာဉ်တွေ လှုပ်ရှားချီတက်မှုကို နှောင့်ယှက်ဖို့အတွက် ဒေသတွင်း ဆက်သွယ်ရေး လမ်းကြောင်းတွေကို သဘာ၀ အတားအဆီးတွေနဲ့ ပေါင်းစပ်ပြီး လမ်းကြောင်းမြေသားတွေ ဖြတ်တောက်ထားတာ၊ အတားအဆီးတွေချထား တာ၊ ပေါက်ကွဲအား ပိုပြီးပြင်းထန်အောင် ဓါတ်ငွေ့အိုးတွေနဲ့ ပေါင်းစပ်ထားတဲ့ ကားမိုင်းတွေ ထောင်ထားတာတွေကို ရှင်းလင်းခဲ့တဲ့အတွက် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး လွယ်ကူ ကောင်းမွန်သွားပြီဖြစ်ကြောင်၊ နောက်ဆုံးဖြစ်ပွား ခဲ့တဲ့တိုက်ပွဲတွေအတွင်း အဓိကကျတဲ့တောင်ကုန်း ၄ ခုနဲ့ ကျေးရွာတွေကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ဒီအတွင်း ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဌာနချုပ် ပန်ဆန်းမြို့မှာ လာမယ့် မေလ ၁ ရက်နေ့ မှာ စတင် ကျင်းပမယ့် လက်နက်ကိုင် တိုင်းရင်းသား ညီလာခံကို ကိုးကန့်၊ ရခိုင်နဲ့ တအာင်း လွတ်မြောက်ရေး တပ်မတော် တို့ကို မဖိတ်ကြားဖို့ အစိုးရက တားမြစ်ထားတယ်လို့ UWSA တာဝန်ရှိသူတွေက ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ကတော့ အပစ်ရပ် သဘောတူညီချက်ကနေ MNDAA ကိုးကန့်အဖွဲ့ကို ထုတ်ပယ်ပစ်မယ်ဆိုရင် ငြိမ်းချမ်းရေးကိစ္စ မအောင်မြင် နိုင်ကြောင်း ပြောဆိုခဲ့သလို၊ ညီညွတ်သော တိုင်းရင်းသားများဖက်ဒရယ်ကောင်စီ UNFC ကလည်း ကိုးကန့်တပ်ဖွဲ့နဲ့ အပစ်ရပ်ဖို့ သမ္မတ ဦးသိန်းစိန်ထံကို အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။