မစ္စတာ ကိုဖီအာနန်နဲ့ ရခိုင်ပြည်နယ် ကော်မရှင်ကို ၂ ကြိမ် ဆန္ဒပြ

2016-09-06
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန်နဲ့အဖွဲ့ စက်တင်ဘာလ ၆ ရက်နေ့က စစ်တွေမြို့ကို ရောက်ရှိ လာစဉ်
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန်နဲ့အဖွဲ့ စက်တင်ဘာလ ၆ ရက်နေ့က စစ်တွေမြို့ကို ရောက်ရှိ လာစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဒီကနေ့ ရောက်ရှိလာတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်နဲ့ ရခိုင်ပြည်နယ် ကော်မရှင်အဖွဲ့ဝင်တွေကို ဒေသခံတွေက ကော်မရှင်ကို အလိုမရှိကြောင်း ၂ ကြိမ် ဆန္ဒပြခဲ့ကြပါတယ်။

kofiannan-protest

မနက်အစော ၇နာရီလောက်ကတည်းက စစ်တွေလေဆိပ်အနီးမှာ ဒေသခံ ၂ထောင်လောက်က အလိုမရှိကြောင်း ကြွေးကြော် ဆန္ဒပြကြတာဖြစ်ပြီး အဲ့ဒီဆန္ဒပြပွဲကို ရခို်င်အမျိုးသားပါတီ ANP စစ်တွေမြို့နယ် အဆင့်က ဦးဆောင်တာလို့ စစ်တွေမြို့နယ် ANP အတွင်းရေးမှူး ဦးအောင်သန်းဝေက ပြောပါတယ်။

"ကျနော်တို့က ရခိုင်အမျိုးသားပါတီရဲ့ သဘောထား ကြေညာချက် ၅/၂ဝ၁၆ ကို ထုတ်ပြန်ထားပြီးသား ရှိတယ်၊ ဒါလည်း ရခိုင်ပြည်သူလူထုရဲ့ အကျိုးကိုလိုလားလို့ ဆောင်ရွက်တာဖြစ်တယ်၊ အခု အောက်ခြေ အဆင့်က ရခိုင်အမျိုးသားပါတီရဲ့ ရပ်ကျေးကော်မတီရဲ့ ဆောင်ရွက်ချက်တွေ၊ ကျနော်တို့ ရခိုင်အမျိုးသား အကျိုးစီးပွားကို ဆောင်ရွက်တဲ့လုပ်ငန်းဖြစ်တဲ့အတွက် စစ်တွေမြို့နယ် ပါတီကော်မတီအနေနဲ့ မဖြစ် မနေ ပူးပေါင်းပါဝင်ရတာဖြစ်ပါတယ်"

ရခိုင်ပြည်နယ် ကော်မရှင်အဖွဲ့ ပြည်နယ်အစိုးရရုံး ရောက်ရှိစဉ်မှာ နောက်ထပ်တစ်ကြိမ် ဒေသခံ ၂၀၀ လောက်က ဆန္ဒပြကြပါတယ်။

မစ္စတာ ကိုဖီအာနန်နဲ့ ကော်မရှင်အဖွဲ့ဝင်တွေဟာ စစ်တွေမြို့က မြို့မိမြို့ဖနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ် ၃၂ ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ တင်ပြဆွေးနွေးမယ်လို့ ပြင်ဆင်ခဲ့ကြတဲ့ ရပ်မိရပ်ဖတွေ ကို ပြောဆိုခွင့် မပေးခဲ့ဘူးလို့ တက်ရောက်ခဲ့တဲ့ ရပ်မိရပ်ဖတွေက ပြောပါတယ်။ မစ္စတာ ကိုဖီအာနန် နဲ့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေတို့က ဒေသခံတွေရဲ့ အသံကို နားထောင်လိုကြောင်း သိလိုကြောင်း သူတို့ စကားပြောစဉ်မှာ ထည့်သွင်းပြောခဲ့ပေမယ့် ဆွေးနွေးပွဲကို ရုတ်တရက် ရပ်ဆိုင်းလိုက်တာ ဖြစ်တယ် လို့ ပြောပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်စောခင်တင့်က သူတို့လည်း နားထောင်ခွင့်ရမယ်လို့ ထင်ခဲ့ပေမယ့် အဲ့လိုအဆင်မပြေ ဖြစ်သွားတာကို နားမလည်နိုင်ဖြစ်ရကြောင်း ပြော ပါတယ်။

မစ္စတာ ကိုဖီအာနန်ဟာ စစ်တွေမြို့က ဆရာတော်တွေအပြင် မွတ်စလင် အသိုင်းအ၀ိုင်းက ရပ်မိရပ်ဖတွေနဲ့ ဒုက္ခသည်စခန်းက တာဝန်ခံတွေနဲ့လည်း တွေ့ဆုံဖို့ရှိပြီး ဒုက္ခသည်စခန်းတွေကို မနက်ဖြန် သွားရောက်ကြည့်မယ် လို့ သိရပါတယ်။

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်
ဆိုက်တခုလုံးသို့