ထိုင်းနိုင်ငံမှာ ဗြိတိန်နိုင်ငံသားနှစ်ယောက် အသတ်ခံရမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီး စစ်ဆေးနေရာမှာ၊ မနေ့က တရားခွင်မှာတော့ အခင်းဖြစ်ပွားခဲ့တဲ့နေရာအနီး လှေဆိပ်မှာရှိတဲ့ လုံခြုံရေး CCTV ကင်မရာကို မစစ်ဆေးခဲ့မိကြောင်း ထိုင်းရဲတပ်ဖွဲ့က ထွက်ဆိုခဲ့ပါတယ်။
ဒါ့ပြင် ပြီးခဲ့တဲ့ တရားခွင်တွေမှာ တရားပြိုင် ရှေ့နေတွေက မျိုးဗီဇ DNA စစ်ဆေးမှုတွေ ပြန်လုပ်ဖို့ တောင်းဆိုခဲ့ တာကို၊ မျိုးဗီဇ နမူနာတွေ မရှိတော့ကြောင်း ထိုင်းရဲတပ်ဖွဲ့ ပြောဆိုခဲ့ပေမယ့် မနေ့ကတရားခွင်မှာ မှုခင်းဆရာဝန် က မျိုးဗီဇ DNA စစ်ဆေးမှု ထပ်လုပ်လို့ရကြောင်း ပြောဆိုခဲ့ပါတယ်။
ဇူလိုင် ၈ ရက်နေ့က စတင်စစ်ဆေးနေတဲ့ အဲ့ဒီအမှုမှာ တရားလိုပြသက်သေ ၁၁ ယောက်ကို ဇူလိုင်လ ၂၃ ရက် နေ့အထိ စစ်ဆေးထွက်ဆိုချက်တွေအရ ကွဲလွဲမှုတွေရှိနေပြီး ခိုင်မာတဲ့ သက်သေအထောက်အထားတွေ မတွေ့ရသေးဘူးလို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
"တစ်အချက်ပြေမယ်ဆိုရင် ရဲမှူးကြီးဟာ ဒီအမှုတွဲထဲမှာတင်ထားတဲ့ ဒီအမှုကိုစစ်ဆေးပါလို့ ရဲချုပ်ရုံးမှထွက်တဲ့စာ ရဲ ၅ဝ လောက်ရှိတဲ့စာထဲမှာ သူ့နာမည်မပါဘူး အဲ့ဒီတော့ ပြောချင်တာက တာဝန်မရှိပဲ ဒီအမှုကိုတာဝန်ယူ ဝင်ရောက်ဆောင်ရွက်တယ်ဆိုတော့ သူက CCTV တွေပြောလာတဲ့အခါမှာ အခင်းဖြစ်တဲ့နေရာကို ဆက်နွယ် တဲ့နေရာ ၁၂ နေရာရှိတယ်၊ CCTV တစ်ဆယ့်ခုနှစ်လုံးကို တပ်ထားပြီးတော့ သူကထွက်ဆိုမယ်ပေါ့လေ ရဲမှူးက၊ ဒါပေမယ့် အန်ကယ်လ်တို့ဘက်က ဓါတ်ပုံကိုပြတယ်၊ ကမ်းနားမှာ လှေတစ်စီနဲ့ရိုက်ထားတယ်၊ အဲ့ဒီလှေတစ်စီး နဲ့ ပတ်သက်တဲ့ဟာရော သိလားဆိုတော့ သတင်းအရတော့သိတယ် သူမြင်လားဆိုတော့ မမြင်ဘူးတဲ့၊ ဒါဖြင့်ရင် အဲ့ဒီကမ်းနားဘက်မှာရှိတဲ့ CCTV ကိုဖွင့်ကြည်လားဆိုတော့လည်း အဲ့ဒါကိုသူဖွင့်မကြည့်ဘူးတဲ့လေ၊ ဒီနေ့အထိ က သူတို့မျက်မြင်သက်သေမရှိဘူး"
မှုခင်းစုံစမ်းရေးတပ်ဖွဲ့ ရဲမှူးကြီးကို ဇူလိုင် ၂၂ ရက်နေ့က ည ၈ နာရီခွဲအထိ စစ်ဆေးခဲ့ပေမဲ့၊ တရားပြိုင် ရှေ့နေတွေ ဘက်က မနေ့မနက်ပိုင်း အမှုစတင်စစ်ဆေးချိန်မှာမှ ပြန်လည်မေးမြန်းခွင့်ရခဲ့ပြီး ကွဲလွဲမှုတွေကို ထောက်ပြနိုင် ခဲ့တယ်လို့ ဆိုပါတယ်။
ညနေပိုင်းမှာတော့ DNA မျိုးဗီဇစစ်ဆေးရတဲ့ ရဲမှုခင်းဆရာဝန်မကို စစ်ဆေးခဲ့ရာမှာ လူသတ်မှုမှာ အသုံးပြုခဲ့ တဲ့ ပေါက်တူးလက်ကိုင်ရိုးမှာ စွတ်စွဲခံရသူတွေရဲ့ မျိုးဗီဇတွေ မတွေ့ရှိဘူးလို့ ထွက်ဆိုခဲ့ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
"ညနေပိုင်းကျတော့ ရဲမှုခင်းဆရာဝန်မကို စစ်ရတယ်၊ ဆရာဝန်မက သူ့ဆီကိုပို့လာတဲ့ DNA ကိုစစ်တယ် ၊ နောက်ပြီးတော့ DNA စစ်တဲ့အခါ သူစစ်တဲ့လုပ်ထုံးလုပ်နည်းအရ စစ်လိုက်တယ်ပေါ့လေ၊ စစ်တဲ့အခါ မှာ ပေါက်တူးမှာတော့ လက်ကိုင်ရိုးမှာ ဘာမှမတွေ့ဘူး၊ DNA နဲ့ပတ်သက်တာ သေတဲ့လူနှစ်ယောက်ရဲ့ DNA လောက်ပဲသိတယ်လို့ပြောတယ်၊ နောက်တစ်ချက် DNA စစ်ဆေးပြီးသား စာရွက်တွေကိုပို့ပြီးတဲ့အခါမှာ ရဲမှူးကြီးရဲ့ထောက်ခံချက်ကို ထည့်မပေးလိုက်ဘူး၊ အဲ့ဒါ သူ့ဘက်က ပျော့ကွက်ဖြစ်နေတယ်ပေါ့"
စွတ်စွဲခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ရဲ့ ရှေ့နေတွေက လိုအပ်လာရင် DNA ပြန်စစ်ပေး ဖို့ ဖြစ်နိုင် မဖြစ်နိုင် တရားရုံးမှာ ထပ်မံလျှောက်ထားခဲ့ရာမှာ DNA ပြန်စစ်ဆေးဖို့ သက်သေခံ ပစ္စည်းတွေရှိသေးလို့ ပြန် စစ်ဆေးဖို့ ဖြစ်နိုင်ကြောင်း မှုခင်းဆရာဝန်မက ပြောဆိုသွားခဲ့တယ်လို့ သိရပါတယ်။
မနေ့က တရားခွင်မှာတော့ အရင်နေ့တွေကလို အမှုနဲ့ပတ်သက်လို့ ရေးမှတ်ခွင့်မပြုပဲ လိုက်လံ ရေးမှတ်နေသူ တစ်ဦးရဲ့ မှတ်စုကိုလည်း သိမ်းယူခဲ့တယ်လို့ သိရပါတယ်။
