ဖမ်းဆီးခံ မြန်မာလူငယ်နှစ်ဦး နဲ့ တွေ့ဆုံဖို့ မိဘတွေ အင်္ဂါနေ့ ထွက်ခွာမည်


2014.10.17
koh-tao-family-305.jpg ထိုင်းလိပ်ကျွန်း လူသတ်မှုနဲ့ ဖမ်းဆီးခံရတဲ့ မြန်မာနှစ်ဦးရဲ့ မိသားစုဝင်တွေကို တွေ့ရစဉ်
Photo: Kyaw Htoon Naing, Kyaw Zaw Win/RFA

ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့နှစ်ဦးကို တွေ့ဆုံဖို့အတွက် မိဘဖြစ်သူတွေ ထိုင်းနိုင်ငံကို လာမယ့်အင်္ဂါနေ့မှာ ထွက်ခွာမယ်လို့ သိရပါတယ်။

သူတို့အတွက် နိုင်ငံကူးလက်မှတ် လက်ဝယ်ရရှိထား ပြီဖြစ်သလို၊ ထိုင်းပြည်ဝင်ခွင့်ဗီဇာရဖို့ ဒီကနေ့ စတင်ဆောင်ရွက်နေပြီး အင်္ဂါနေ့ညနေ ထွက်ခွာဖို့ အတွက် လေယာဉ်လက်မှတ် ဝယ်ယူထား ပြီးဖြစ်ကြောင်း အမှုကိုကူညီဆောင်ရွက်ပေးနေ တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် ဦးကျော်သောင်း က ပြောပါတယ်။

"အဲဒီ့ မိသားစုလေးယောက်က နိုင်ငံကူး လက်မှတ်တော့ရပြီ၊ ထိုင်းပြည်ဝင်ခွင့်ဗီဇာ တနင်္လာနေ့တင်မှာ၊ ကျနော်နေ့လယ်က သူတို့လေးယောက်ရဲ့ နိုင်ငံကူးလတ်မှတ်မိတ္တူကို မြန်မာသံရုံးကို ပို့လိုက်ပြီ၊ မြန်မာသံရုံးကနေပြီးတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို ပို့လိုက်ပြီ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကို ပို့ပြီးတော့ သံရုံးကို ဒီလူတွေကို အရေးကြီးတဲ့ကိစ္စမို့လို့ ဗီဇာထုတ်ပေးပါဆိုပြီးတော့ အစိုးရပိုင်းကလုပ်နေပြီ၊ ဗီဇာလျှောက်ထားတာရယ်၊ လေယာဉ်လက်မှတ်ရယ် အဲ့ဒါတွေ လုပ်ငန်းစဉ်တွေကအရ ကျနော် အင်္ဂါနေ့ ညနေဖက် လေယာဉ် ဝယ်ခိုင်းထားတယ်၊ အင်္ဂါနေ့ညနေ ထိုင်းကိုထွက်လာပြီပေါ့"

ဒီမိသားစုဝင်တွေ ထိုင်းနိုင်ငံကို သွားရောက်ဖို့အတွက် ရခိုင်လူမှုအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ကျောက်ဖြူမြို့ကနေ ရန်ကုန်မြို့ကို အောက်တိုဘာ ၁၂ ရက်နေ့မှာ ရောက်ရှိလာခဲ့ပါတယ်။

ထိုင်းနိုင်ငံခရီးစဉ်အတွင်း သူတို့ရဲ့လုံခြုံရေး နေထိုင်ရေးတွေကို ဘန်ကောက်မြို့ မြန်မာသံရုံးက ကူညီပေးသွားမယ်လို့ သိရပါတယ်။

ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့ရဲ့အမှုကို ကူညီဆောင်ရွက်ပေးနေတဲ့ သံရုံးအရာရှိ ဦးဆောင်တဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်ရဲ့ ပြောကြားချက်အရ လာမယ့် နိုဝင်ဘာလအတွင်းမှာ ဒီလိပ်ကျွန်းလူသတ်မှုကို စတင်စစ်ဆေးမယ်လို့ သိရပါတယ်။

ဒီအကြောင်း RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။