ထိုင်းနိုင်ငံတောင်ပိုင်းက ခိုတောင်းကျွန်း (ခ) လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးရဲ့ အမှုကိစ္စနဲ့ပတ်သက်ပြီး ကော့စမွီခရိုင်တရားရုံးက သက်သေ ၆၅ ဦးကို ဧပြီလ ၃၀ ရက်နေ့က စတင်ပြီး ထပ်မံစစ်ဆေးမယ်လို့ သိရပါတယ်။
ခိုတောင်းကျွန်းအမှုအတွက် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့က ထိုင်းရဲတွေတင်ပြတဲ့ သက်သေ အထောက်အထားတွေနဲ့ ပတ်သက်လို့ တရားလိုပြ သက်သေတွေကို ထပ်မံစစ်ဆေးဖို့ တရားရုံးအကြောင်း ကြားလာတယ်လို့ မြန်မာသံရုံးအထူးကိုယ်စားလှယ် အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
"တရားသူကြီးတွေ အပြောင်းအလဲဖြစ်တဲ့အခါ ကျတော့ နောင်တရားသူကြီးကနေပြီးတော့ တရားလိုပြသက်သေတွေကို ၃ဝ ရက် ၄ လ ၂ဝ၁၅ မှာ စစစ်ချင်တယ်ဆိုပြီးတော့ စာရွက်ရောက်လာတယ်၊ တရားလိုပြသက်သေ ၆၅ ယောက်ကို စစစ်မှာပါ၊ အဲ့မှာ ရဲသက်သေ ၄၅ ရောက်ပါပြီးတော့ ဆရာဝန်သက်သေ ၅ ယောက်ပါပါတယ်၊ နောက်နိုင်ငံခြားသူ ၃ ယောက်ပါပါတယ်၊ နောက်ဗမာသက်သေ ၇ ဦးပါပြီးတော့ ထိုင်းလူမျိုးသက်သေ ၅ ယောက်ပါပါတယ်"
ရုံးချိန်းတက်ရောက်ဖို့အတွက် လိုအပ်တဲ့အချက်အလက်တွေ၊ သက်သေအထောက်အထားတွေ ကို မြန်မာသံရုံးအထူးအဖွဲ့က ရှာဖွေထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ပြီးခဲ့တဲ့နှစ်က ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ ဖမ်းဆီးခံနေရပါတယ်။
ရှေ့နေဦးအောင်မျိုးသန့်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
