မြန်မာနိုင်ငံသားနှစ်ဦး တရားခံအဖြစ် ဖမ်းဆီးစွပ်စွဲ ခံထားရတဲ့ လိပ်ကျွန်းလူသတ်မှုကို အစကနေ ပြန်လည် စစ်ဆေးပေးဖို့ ထိုင်းနိုင်ငံ မှုခင်းအထူးစုံစမ်းစစ်ဆေးရေး ဌာန DSI က လက်ခံလိုက်ပြီလို့ သိရပါတယ်။
ဖမ်းဆီးခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ ဟာ ခြိမ်းခြောက်နှိပ်စက်မှုတွေကြောင့် အမှုကိုဝန်ခံခဲ့ ရတာဖြစ်ကြောင်း ထွက်ဆိုချက်ကို၊ ထိုင်းရှေ့နေ များကောင်စီ၊ ထိုင်းလူ့အခွင့်အရေးကော်မရှင်၊ မြန်မာ အထူးကိုယ်စားလှယ်အဖွဲ့နဲ့ တရားခံတွေရဲ့မိဘတွေက သက်သေအထောက်အထားတွေနဲ့တကွ မနေ့က တင်ပြတောင်းဆိုချက်ကို DSI က လက်ခံလိုက်တာ လို့ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
"မိဘတွေသော်၎င်း၊ သံရုံးအထူးအဖွဲ့သော်၎င်း ၊ ရှေ့နေများကောင်စီသော်၎င်း၊ လူ့အခွင့်အရေး အဖွဲ့သော်၎င်း ကျနော်တို့က အကျဉ်းဦးစီးဌာရယ် သွားပြီးခဲ့ပါပြီ၊ သွားပြီးခဲ့တဲ့အခါမှာလည်း ကလေးတွေကို နှိပ်စက်ညှင်းပမ်းတယ်ဆိုတဲ့ အကြောင်းအရာက သွားတဲ့အဖွဲ့တိုင်း သိလာခဲ့ကြတာပါ၊ ဒါကြောင့် ဒီအချက်နဲ့ ပတ်သက်လို့ ရဲတွေနဲ့ မေးကြမြန်းကျမယ်ဆိုပြီး လုပ်ထားတာပါ၊ သို့သော် သူတို့မလာတဲ့အတွက်ကြောင့် ဒီဟာပြုလုပ်ခြင်းမရှိခဲ့ပါဘူး၊ ကျနော်တို့က အဲ့အကြောင်းအရာတွေကို အားလုံးခြုံပြီးတော့ မိဘတွေ လက်မှတ်ထိုးပြီးတော့ မနေ့က DSI ကိုသွားပြီးတော့မှ ဒီအမှုတွဲကို ပြန်လည်ပြီးတော့ အထူးအဖွဲ့ဖွဲ့ပြီးတော့ စစ်ဆေးပေးပါလို့တင်ခဲ့တာပါ"
ဒါ့အပြင် လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးခံရသူတွေရဲ့ ထွက်ဆိုချက်တွေအပေါ် ဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ချက်ကို ထိုင်းရဲတွေကပျက်ကွက်ခဲ့တာနဲ့ ပတ်သက်ပြီး အရေးယူဖို့အတွက် ထိုင်းလူ့အခွင့်အရေးကော် မရှင်က စီစဉ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့သီတင်းပတ်နဲ့ မနေ့ကပြုလုပ်တဲ့ ရှင်းလင်းပွဲတွေကို အမှုနဲ့သက်ဆိုင်တဲ့ ရဲတွေက လာရောက်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့ကြောင်း၊ ဒီကိစ္စနဲ့ပတ်သက်လို့ လာမယ့် ၁၂ ရက်နေ့ လူ့အခွင့် အရေးကော်မရှင်ရဲ့ အစည်းအဝေးမှာ သူ့အနေနဲ့ တင်ပြဆွေးနွေးသွားမှာဖြစ်ကြောင်း ကော်မရှင်ဥက္ကဌ Dr. Niran Pitakwatchara က မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
