ခိုတောင်းကျွန်းအမှု စွဲချက်တင်မတင် တစ်လအတွင်း ဆုံးဖြတ်မည်

ထိုင်းနိုင်ငံမှာ ခိုတောင်းကျွန်း လူသတ်မှုနဲ့ပတ်သက်ပြီး မသင်္ကာမှုနဲ့ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ မြန်မာ လူငယ်နှစ်ဦးအပေါ် စွဲချက်တင်မတင် အစိုးရရှေ့နေတွေက တစ်လအတွင်း ဆုံးဖြတ်မယ်လို့ သိရပါတယ်။

အမှုနဲ့ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ရဲ့ နောက်ထပ် စုံစမ်း စစ်ဆေးမှုတွေ ၈ဝ ရာနှုန်း ပြီးစီးသွားပြီဖြစ်ကြောင်း၊ ဒါကြောင့် မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်း တို့ကို နောက်ထပ်ချုပ်ရက် နှစ်ကြိမ်အတွင်း စုံစမ်း စစ်ဆေးမှုတွေအားလုံး ပြီးစီးသွားမယ်လို့ မျှော်လင့် ရကြောင်း အစိုးရရှေ့နေတစ်ဦးကိုကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းကဖော်ပြပါတယ်။

သူတို့ရဲ့ လေးကြိမ်မြောက်ချုပ်ရက် သက်တမ်းဟာ ဒီကနေ့ သောကြာနေ့မှာ ကုန်ဆုံးမှာမို့ ၊ တရားရုံး အမိန့်နဲ့ ချုပ်ရက်သက်တမ်းထပ်တိုးဖို့ ထိုင်းရဲ က ဆောင်ရွက်မှာပါ။

ထိန်းသိမ်းစစ်ဆေး မေးမြန်းမှုတွေကို တစ်ကြိမ်မှာ ၁၂ ရက်အချိန်ပေးထားပါတယ်။ ဒီအမှုကို ချုပ်ရက် ၆ ကြိမ်အတွင်း ရုံးထုတ်စွဲချက်တင်နိုင်မယ်လို့ ဒေသအာဏာပိုင်တွေက မျှော်လင့်ထားတယ်လို့ ဘန်ကောက်ပို့စ် သတင်းက ဖော်ပြပါတယ်။