ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်းကျွန်းလူသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမားနှစ်ဦးကို Koh Samuei ခရိုင်တရားရုံးမှာ ဒီနေ့ ရုံးထုတ်ရာ ထိုင်းရဲတပ်ဖွဲ့က အမှုမတင်နိုင်တဲ့အတွက် ချုပ်ရက်ကို ၁၂ ရက်ထပ်တိုးပေး လိုက်တယ်လို့ သိရပါတယ်။
တရားလိုဖြစ်တဲ့ ထိုင်းရဲတပ်ဖွဲ့ဘက်ကရရှိထားတဲ့ သက်သေ ၂ဝ ဦးကို စစ်ဆေးနေတာ မပြည့်စုံသေး တဲ့အတွက် အလုပ်သမား ၂ ဦးကို စွဲချက် မတင်နိုင်သေးဘဲ ရမန်ပဲ ပေးလိုက်တာဖြစ်တယ်လို့ လိပ်ကျွန်းလူသတ်မှု စုံစမ်းရေး အဖွဲ့ဝင် ဦးထူးချစ် က ပြောပါတယ်။
"သူတို့အဆုံးအဖြတ်ကတော့ သူတို့မှာ တခြားမှာ သက်သေရှာထားတယ်၊ သက်သေအယောက် ၂ဝ လောက်သူတို့မှာ ထပ်ရှာထားတော့ အဲ့ဒီ သက်သေတွေကို မေးမြန်းနေတယ်၊ ပြင်ဆင်နေ တယ် နောက်တစ်ခု သူတို့တွေက သက်သေ တစ်ယောက်က နိုင်ငံခြားသားတစ်ယောက်ဖြစ်နေလို့ အဲ့ဒီတစ်ယောက်က ထိုင်းနိုင်ငံထဲမှာ မရှိတာလည်းပါတယ်၊ ဒါကြောင့်မို့လို့ သူတို့အနေနဲ့ အဲ့ဒါအချိန်ကြန့်ကြာသွားတာလည်း ပါတယ်ဆိုတဲ့အကြောင်း သူတို့ရှင်းပြပါတယ်၊ အမှှုအတွက် သူတို့မှာ ပြည့်စုံလုံလောက်တဲ့ အထောက်အထား အချက်အလက် မရှိဘူးလို့ ကျနော်တို့အနေနဲ့ ယုံကြည်ရပါတယ်၊ ဒါကြောင့်မို့ သူတို့ကထပ်ပြီးတော့ သူတို့က အချိန်ထပ်တိုးတောင်းသွားတဲ့ သဘောပါ"
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့က Koh Samuei ခရိုင်တရားရုံးမှာ မြန်မာသံရုံးအထူးအဖွဲ့က အဖမ်းခံ ထားရတဲ့ မြန်မာအလုပ်သမားနှစ်ဦး အာမခံရရှိဖို့အတွက် ထိုင်းဘတ်ငွေ ၂ သန်းနဲ့ အာမခံတင်ခဲ့ပေမဲ့ ခရိုင်တရားရုံးက ပယ်ချခဲ့ပါတယ်။
ဒီနေ့ရုံးချိန်းမှာ မြန်မာသံရုံးအထူးအဖွဲ့က အာမခံမတင်ခဲ့ဘဲ နောက်ရုံးချိန်းမှာ အာမခံတင်နိုင်ဖို့အတွက် ထိုင်းရှေ့နေများကောင်စီနဲ့ ညှိနှိုင်းနေတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦးအသတ်ခံရမှုနဲ့ပတ်သက်ပြီး မြန်မာအလုပ်သမား ၂ ဦးဖြစ်တဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို ထိုင်းရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့က ဖမ်းဆီးခဲ့ တာ ဖြစ်ပါတယ်။
ဒီအတောအတွင်း ခိုတောင်းကျွန်း လူသတ်မှုနဲ့ပတ်သက်လို့ သံသယနဲ့ဖမ်းဆီးထားတဲ့ မြန်မာလူငယ်နှစ်ဦးကို တရားစွဲဆိုဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးရေးရဲအဖွဲ့ကတင်ပြတဲ့ သက်သေအထောက်အထားတွေ ခိုင်မာပြည့်စုံမှုရှိကြောင်း ထိုင်းနိုင်ငံ အမှတ် ၈ အစိုးရတရားသူကြီးရုံး အကြီးအကဲ မစ္စတာတာ ဝက်ချိုင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေ၊ အထောက်အထားတွေ၊ DNA မျိုးရိုးဗီဇ စစ်ဆေးချက်တွေပါဝင်တဲ့ ထိုင်းရဲတပ်ဖွဲ့ရဲ့ စုံစမ်းရေးအစီရင်ခံစာအရ တရားစွဲဆိုမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီမြန်မာလူငယ်လေးနှစ်ဦးဟာ အပြစ်မဲ့အမှုဆင်ချောက်တွန်းခံရတာဆိုပြီး အင်တာနက် လူမှုသတင်း မီဒီယာ တွေမှာ ပြောဆိုနေကြတာဟာ သတင်းအချက်အလက်နဲ့ သက်သေအထောက်အထား ပြည့်ပြည့် စုံစုံမသိရတဲ့ အတွက်ကြောင့်သာဖြစ်ကြောင်း၊ ထိုင်းဥပဒေအရ တချို့သက်သေအထောက်အထားတွေကို အများပြည်သူ သိအောင် ချပြလို့မရကြောင်း သူကပြောပါတယ်။
