ခိုတောင်းကျွန်းအမှု မြန်မာနှစ်ဦး အခြေအနေကောင်း

ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ယောက် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး တရားခံအဖြစ် စွပ်စွဲထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့ရဲ့အမှုကို သြဂုတ်လ ၁၈ ရက်ကနေ ၂ဝ ရက်အထိ တရားလိုပြသက်သေ ၁၁ ယောက်ကို စစ်ဆေးခဲ့ရာ ခိုင်မာတဲ့ထွက်ဆိုချက်မျိုး မတွေ့ခဲ့ရဘူးလို့အမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က RFA ကို ပြောပါတယ်။

ကော့စမွေခရိုင် တရားရုံးမှာ သုံးရက်ဆက်တိုက် စစ်ဆေးခဲ့ရာမှာ စကားပြန်နှစ်ယောက်နဲ့ ရှေ့နေတစ်ဦးတို့ ထွက်ဆိုခဲ့တာနဲ့ ပတ်သက်ပြီး ရှေ့နေ ဦးအောင်မျိုးသန့်က RFA ပြောဆိုပါတယ်။

"အခုလောလောဆယ်မှာတော့ သူတို့ဘက်ကထွက်ဆိုချက်တွေဟာ ရေရေရာရာမရှိခဲ့ဘူး၊ ကျနော်တို့ဘက်က DNA မတူပါဘူးဆိုတဲ့အချက်ကို ပြောထားပါတယ်"

ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့ကနေ ဒီနေ့အထိ တရားလိုပြသက်သေ ၂၇ ယောက် စစ်ဆေးခဲ့ရာမှာ ပြစ်မှု ကျူးလွန်ကြောင်း ထင်ထင်ရှားရှားပြနိုင်တဲ့ သက်သေမရှိခဲ့ဘူးလို့ သိရပါတယ်။ ပြစ်မှုကျူးလွန်ကြောင်း သက်သေတွေ ထွက်ဆိုနေတဲ့အပေါ် မျိုးဗီဇ DNA ပြန်စစ်ပေးဖို့တောင်းဆိုခဲ့ရာမှာ တရားရုံးက ခွင့်ပြုခဲ့တယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့် က ပြောပါတယ်။

"သူတို့ဘက်က တစ်ချက်ကဘာလဲဆိုတော့ ကလေးတွေ ဝန်ခံတယ်ဆိုတဲ့အချက်ကိုသွားနေတယ်၊ နောက် တစ်ချက်က DNA တူတယ်ဆိုတဲ့အချက်ကိုသွားနေတယ်၊ သက်သေ ၁၅ ယောက်လောက်အထိက အဲ့လိုအဖြစ်တွေကို ခိုင်လုံအောင်ထွက်နေတယ်၊ ဒါပေမဲ့ မျက်မြင်သက်သေမရှိတဲ့ကိစ္စဆိုတော့ တိကျထင်ရှားတဲ့အထောက်အထားတွေတော့ မတင်ပြနိုင်ဘူး၊ နောက်ဒီဘက်ကလည်း DNA ကို ယုံကြည်မှုမရှိဘူးလို့ ပြောထားတဲ့အတွက်ကြောင့်မို့ ၁၉ ရက်နေ့နေ့လယ်မှာပဲ ထိုင်းနိုင်ငံက တရားမျှတရေးဝန်ကြီးဌာနလက်အောက်က ဝန်ထမ်းနှစ်ဦးက လာရောက်ပြီးတော့ တရားခွင်မှာပဲ ဝင်းဇော်ထွန်းတို့ရဲ့ DNA ကိုပြန်ယူသွားတယ်"

ထိုင်းအစိုးရဘက်က တင်ပြထားတဲ့ တရားလိုပြသက်သေ ၆၅ ယောက်လုံးကို လာမယ့် သြဂုတ်လ ၂၇ ရက် နဲ့ ၂၈ ရက်တွေမှာ အပြီးသတ် စစ်ဆေးသွားဖို့ရှိပြီး၊ စက်တင်ဘာလမှာတော့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း အပါအဝင် တရားပြိုင်ဘက်က သက်သေတွေကို စတင်စစ်ဆေးတော့မှာဖြစ်တယ်လို့ သိရပါတယ်။