ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားသူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထင်ကျော်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ မြောက်ဥက္ကလာပရဲစခန်း က ဒီနေ့ နေ့လည်ပိုင်းက အင်းစိန်အကျဉ်းထောင်ကို ပို့လိုက်ပြီလို့သိရပါတယ်။
မြောက်ဥက္ကလာရဲစခန်းက ကိုထင်ကျော်ကို အရှေ့ပိုင်းခရိုင်ရဲမှုးကြီးက ဆွေးနွေးစရာရှိတယ်ဆိုပြီး လာခေါ်တာဖြစ်တယ်လို့ အင်းစိန်ထောင်ကိုမသွားခင် ကိုထင်ကျော်က RFA ကို အခုလိုပြောပါတယ်။
"ဒီမနက် အရှေ့ပိုင်းခရိုင် ရဲမှူးကြီးက မြောက်ဥက္ကလာရဲစခန်းမှာခေါ်ပြီးတော့ နန်းထိုက်တော်ဝင် စားသောက်ဆိုင်ပိုင်ရှင် ဦးအိုက်လင်းရဲ့ အချက်အလက်တွေကို ကြည့်ပြီးတော့ ကျနော်တို့ကိုအထောက်အထားတွေ ထုတ်ပြတယ်၊ သူ့အမှုတွေကို ကျနော်တို့ကတိုင်တာကို အစိုးရကအရေးမယူတော့ ကျနော်တို့က လူထုနဲ့အတူ သူ့ကိုဖော်ထုတ်တဲ့အပေါ်မှာ သူကအကြည်အညိုပျက်စေတဲ့အမှု ၅ဝ၅(ခ)နဲ့ ဒီမနက်မှာ ကျနော်တို့ကို တရားသူကြီးက အထက်ကညွှန်ကြားချက်အတိုင်း အင်းစိန်ထောင်ကိုပို့တာပါ"
ကိုထင်ကျော်နဲ့အတူ မရမ်းကုန်းမြို့နယ် ၆ ရပ်ကွက်မှာ မြေအသိမ်းခံခဲ့ရမှုနဲ့ ပတ်သက်ပြီး ဆန္ဒပြခဲ့ကြတဲ့ ဦးမြင့်နိုင်၊ ဒေါ်စိန်ထွေးနဲ့ ဦးလူအေးတို့ကိုလည်း တပါတည်း အင်းစိန်ထောင်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
သူတို့တွေရဲ့အမှုကို လာမယ့် သြဂုတ်လ ၅ ရက်နေ့မှာ စတင်ရုံးထုတ်စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။