ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ စာရွက်တွေ လိုက်ဝေခဲ့တဲ့ ဒီမိုကရေစီအရေး စဉ်ဆက် မပြတ်လှုပ်ရှားမှုအဖွဲ့ MDCF ခေါင်းဆောင် ကိုထင်ကျော် ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တောင်ဒဂုံနဲ့ ဒဂုံ ဆိပ်ကမ်းမြို့နယ် တရားရုံးတွေမှာ ဒီနေ့ ရုံးထုတ်စစ်ဆေး ခဲ့ပါတယ်။
ဒီနေ့အမှုစစ်ဆေးခဲ့တာနဲ့ပတ်သက်ပြီး တရားရုံးမှာ တက်ရောက်နားထောင်ခဲ့တဲ့ မရမ်းကုန်းမြို့နယ် ၆ ရပ်ကွက်မှာနေထိုင်သူ ဒေါ်စိန်ထွေးက အခုလိုပြော ပါတယ်။
"တောင်ဒဂုံကတော့ လိုပြသက်သေ မလာဘူရှင့်၊ မလာတဲ့အတွက် ၂ ရက်နေ့ကျရင်တော့ စွဲချက် တင်ဖြစ်၊ မတင်ဖြစ် အမိန့်ချမယ်လို့ ပြောတယ် ဒဂုံဆိပ်ကမ်းမှာကတော့ လက်ဖက်ရည်ဆိုင်ပေါ့နော် လိုပြသက်သေ တစ်ယောက်လာထွက်တယ်၊ ကိုထင်ကျော်ပြောတာကို မသိဘူး၊ ကိုထင်ကျော်အော်တော့ အော်တယ်၊ စာရွက်တွေဝေတယ် စာရွက်တွေ လည်း ဘာစာရွက်တွေ ဝေလို့ဝေတယ်မှန်းလည်း သူမသိပါဘူးလို့ သူကထွက်ဆိုတယ်"
ကိုထင်ကျော်ကို တောင်ဥက္ကလာပ၊ ကျောက်တံတား၊ တောင်ဒဂုံ၊ မြောက်ဒဂုံ ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်း စတဲ့ မြို့နယ် ၁၁ မြို့နယ်က ရဲစခန်းတွေကလည်း ပုဒ်မ ၅ဝ၅(ခ) နဲ့ အမှုဖွင့်ထားပြီး မနက်ဖြန်မှာ မြောက်ဥက္ကာလပမြို့နယ်တရားရုံးမှာ ရုံးထုတ် စစ်ဆေးမှာဖြစ်ပါတယ်။
ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားရေး အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုတင်မောင်ဝင်းနဲ့ ကိုဇော်ဝင်းတို့ ကိုလည်း ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့ တောင်းဆိုစာတွေ လိုက်ဝေခဲ့တဲ့အတွက် တာမွေနဲ့ ဗဟန်းမြို့နယ် ရဲစခန်းတွေက နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
