ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့နဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေဆက်လက်ဖြစ် ပွားနေပါတယ်။ အခုနောက်ဆုံးဖြစ်ပွားတဲ့ တိုက်ပွဲတွေ ဟာ မတ်လ ၂၇ ရက်နေ့က စတင်ခဲ့တယ်လို့ မြန် မာနိုင်ငံ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ MNDAA ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်း က RFA ကိုပြောပါတယ်။
"မနေ့တုံးကတော့ ဒီမနက် ၃ နာရီအထိဖြစ်တယ်၊ အဲဒီ့ကုန်းကြမ်းဒေသမှာပဲ ခုတ်ထန်ပတ်ဝန်းကျင်မှာ သူတို့က ၉ နာရီကနေစပြီးတော့ လူနည်းနည်းနဲ့ ထိုးတာပေါ့၊ မနက်တုံးကတော့ လက်နက်ကြီးနဲ့ ပစ်တယ်၊ ကြည်းတပ်နဲ့ တက်ထိုးတယ်၊ ဒါပေမဲ့ ည ၉ နာရီကျတော့ လေယာဉ်တော့မပါပါဘူး၊ တင့်ကားတွေ သံချပ်ကာကားတွေလည်း အားလုံးအသင့်ဖြစ်နေပြီလို့ကြားပါတယ်၊ ဒီ့ထက်အကြိမ်တိုးဖို့ပဲ ရှိပါတယ်"
နှစ်ဖက်ထိခိုက်ကျဆုံးတာတွေရှိပေမဲ့ အတိအကျမသိရသေးကြောင်း၊ အခုတိုက်ပွဲတွေမှာ အစိုးရဖက်က တပ်ဖွဲ့အင်အား အများအပြားနဲ့ ၁၀၅ မမ၊ ၁၂၂ မမ၊ စတဲ့ လက်နက်ကြီးတွေ၊ လေယာဉ်ပျံတွေကိုပါ အသုံးပြုနေကြောင်းလည်း ဦးထွန်းမြတ်လင်း က ပြောပါတယ်။
"ပြည်တွင်းစစ်လိုမဟုတ်တော့ပါဘူး၊ သူတို့တိုက်တဲ့ပုံစံက ပြည်ပကျူးကျော်စစ်လို အဲ့လိုပဲ ကျနော်မြင်ရပါတယ်ခင်ဗျ၊ ဆိုလိုတာက မြန်မာနိုင်ငံမှာရှိတဲ့ ကြေးတပ် ခြေလျင်၊ ခြေမြန်ပေါ့ဗျာ သူရဲ့ ၁၇ ရာခိုင်နှုန်း ၁၈ ရာခိုင်နှုန်းလောက်က ကျနော်တို့ အထူးဒေသ ၁ ထဲရောက်နေပြီ၊ ကျနော်တို့ရဲ့နယ်မြေက ၂၀၀၀ စတုရန်းကီလိုမီတာ ပတ်ဝန်းကျင်လောက်ပဲရှိပါတယ်။ ပြီးတော့ လက်နက်တွေကလည်း အသစ်အဆန်းတွေအများကြီးပဲ ကျနော်ကြားသလောက်တော့ လေယာဉ်လဲသုံးတာအများဆုံး၊ လက်နက်ကြီးအမြောက်တွေလည်း ပစ်တာအများဆုံးဖြစ်နေပြီ ပြည်တွင်းစစ်သမိုင်းတစ်လျှောက်လုံး ကြည့်လိုက်ရင်"
ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဟာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်မှာ အစိုးရနဲ့ အပစ်ရပ်ခဲ့ရာကနေ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလမှာ တိုက်ပွဲတွေပြန်လည်ဖြစ် ပွားခဲ့ပါတယ်။
