ကိုးကန့်ဒေသ နမ်ဌေးမွန်တောင်ကြောမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကနေ ပစ်ခတ်လိုက်တဲ့ ကျည်ဆန်တွေ တရုတ်နိုင်ငံဘက်ကို ၃ ကြိမ်ခန့် ကျရောက်ခဲ့ရာ ကြာသာပတေးနေ့ညက ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူ ၈ ဦးခန့်ရှိတယ်လို့ လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တဲ့ တရုတ်ပြည်နမ်ဆန်မြို့မှာရောက်ရှိနေ တဲ့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
ကိုးကန့်ဒေသအတွင်း အစိုးရတပ်တွေက MNDAA ကိုးကန်တပ်တွေနေရာယူထားတဲ့ နမ်ဌေးမွန်တောင်ကြောကို သုံးရက်ဆက်တိုက် ထိုးစစ်ဆင်နေ ရာမှာ ဒီနေ့ မနက် ၁၂ နာရီလောက် အထိ ပစ်ခတ်မူတွေရှိတယ်လို့ နမ်ဆန်မြို့ကို ရောက် ရှိနေတဲ့ လောက်ကိုင်မြို့ခံတစ်ဦးက ပြောပြပါတယ်။
"ကျနော်တို့ နားထောင်တဲ့အသံတွေကတော့ မနက်ကတော့ လက်နက်ကြီးကတော့ အချက် ၂ဝ လောက် အဲ့ဒီမှာကွဲကြတယ်၊ အတွင်းထဲမှာ ၁ လုံးကတော့ ကွဲသွားတယ်ပြောတာတော့ ဒဏ်ရာရသူကတော့ ၈ ယောက်လောက်ပြောတာပဲ၊ မနေ့ကနဲ့ ဒီနေ့ကတော့ မြို့ထဲကျတာ ကျနော်တို့ သုံးလေးချက်လောက်တော့ရှိတယ် လက်နက်ကြီးလေ၊ ဒဏ်ရာရသူကတော့ ၈ ယောက်ပဲကြားတာ ကျနော်တို့"
ဒီသတင်းနဲ့ပတ်သက်ပြီး တရုတ်အစိုးရပိုင်မီဒီယာတွေနဲ့ တခြားသတင်းတွေအရတော့ ကြာသပတေးနေ့က ကျရောက်တဲ့ လက်နက်ကြီးကျည်ကြောင့် ထိခိုက်ဒဏ်ရာရသူ တရုတ်နိုင်ငံသား ငါးဦးရှိပြီး၊ နှစ်ဦးက ဒါဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။ တိုက်လေယာဉ်က ပစ်ခတ်တဲ့ကျည်ဟာ လူနေထူထပ်တဲ့ မင်ဒင်းကျေးရွာမှာ ကျရောက်ခဲ့တာဖြစ်တယ်လို့ CCTV တရုတ်ဗဟို ရုပ်မြင်သံကြားဌာနသတင်းကလည်း ဖော်ပြပါတယ်။
ခုလိုတရုတ်နယ်မြေအတွင်း လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တာနဲ့ပတ်သက်လို့ တရုတ်အာဏာပိုင်တွေ အနေနဲ့ ဘယ်သူပစ်လိုက်တဲ့ကျည်ဖြစ်သလဲဆိုတာ စုံစမ်းမူတွေပြုလုပ်နေပြီလို့ နေပြည်တော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။
"တောင်ကုန်းကို တပ်မတော်ဘက်ကပစ်တာက လက်နက်ကြီးတွေဖြစ်တယ်ပေါ့နော်၊ ဟိုမှာကျတဲ့ဟာတွေက ကနဦးရရှိတဲ့သတင်းတွေအရ အကြီးကြီးတွေမဟုတ်ပဲနဲ့ အသေးတွေပေါ့နော်၊ အဲ့လိုဟာ မျိုးတွေဖြစ်နိုင်တယ်ဆိုပြီးတော့ အဲ့လိုသတင်းတွေလည်းတွေ့ရတယ်၊ ဒါပေမဲ့ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ တရုတ်နဲ့ပြန်ပြီးတော့ညှိနှိုင်းပြီးတော့ စစ်ဆေးဖို့အဲ့ဒါတွေလုပ်နေပါတယ်၊ မြေပြင်မှာစစ်ဆေးလိုက်ရင်တော့ စစ်ဆေးချက်တွေအရဆိုရင်တော့ မကြာခင်တွေ့ကြမှာပေါ့၊ လောလောဆယ်တော့ မသိရသေးပါဘူး"
လွန်ခဲ့တဲ့ သုံးရက်အတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ မြန်မာဘက်က တိုက်လေယာဉ်နှစ်စီးကနေ လေးစီးအထိ အသုံးပြုခဲ့တာဖြစ်ပြီး ရဟတ်ယာဉ်တွေလည်း ပါဝင်တယ်လို့ နမ်ဆန်မြို့ခံ မျက်မြင်သက်သေတွေက ပြော ပါတယ်။နမ်ဆန်မြို့ဟာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ နမ်ဌေးမွန်တောင်ကြောနဲ့ တစ်မိုင်ကျော်ကျော်သာဝေး ကွာပြီး တောင်ကြောရဲ့အနောက်ဘက်ခြမ်းဟာ တရုတ်ပိုင်နယ်မြေ ဖြစ်ပါတယ်။
ဒေသခံတွေအနေနဲ့ ပစ်ခတ်သံတွေကြားရချိန် အိမ်တွင်းမှာပဲနေထိုင်ကြဖို့ တရုတ်အာဏာပိုင်တွေက သတိပေးချက်ထုတ်ပြန် အကြံပြုထားတယ်လို့ ဆိုပါတယ်။
လောက်ကိုင်ဒေသခံတစ်ဦးကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
တဆက်တည်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို RFA ဝိုင်းတော်သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။