ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ ၈၈ မျိုးဆက်တွေ လိုချင်တဲ့ပန်းတိုင်မဟုတ်သေးဘူးလို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ဒီကနေ့ ပြောလိုက်ပါတယ်။
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈ မျိုးဆက်ကျောင်းသားများရုံးခန်းမှာ ၈ လေးလုံးငွေရတုအကြို အနုပညာပြပွဲနဲ့ ပတ်သက်ပြီး ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုကိုကြီးက ၈ လေးလုံးစိတ်ဓာတ်နဲ့ ဆက်လက်ချီတက်သွားကြဖို့တိုက်တွန်းစဉ် အခုလို ထည့်သွင်းပြောခဲ့တာပါ။
"ရှေ့ဆက်ရမယ့်ခရီးမှာ ၈ လေးလုံးဝိဉာဏ်နဲ့ ၈ လေးလုံးစိတ်ဓာတ်နဲ့ နောက်မျိုးဆက်တွေကြားထဲမှာပါ စီးဝင်နေဖို့အတွက် ဒီနေ့အပြောင်းအလဲဟာ ကျနော်တို့ မျှော်မှန်းသလောက်၊ ကျနော်တို့ လိုချင်တဲ့ပန်းတိုင်ကို ရောက်သေးတာမဟုတ်ပါဘူး"
ရှစ်လေးလုံး ငွေရတုအကြိုအဖြစ် လာမယ့် ဇူလိုင်လ ၂၂ ရက် ကနေ ၂၄ ရက်နေ့ထိ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်မှာရှိတဲ့ ယုဒသန်ခန်းမမှာ ကျင်းပမယ့် အနုပညာပြပွဲမှာ ပန်းချီ၊ ဓာတ်ပုံ၊ ကာတွန်း စတာတွေအပြင် ကဗျာရွတ်ဆိုတာတွေကိုလည်း ထည့်သွင်းကျင်းပသွားမှာပါ။
၈ လေးလုံး အရေးတော်ပုံ ငွေရတုနှစ်ပတ်လည်အထိမ်းအမှတ်ပွဲကို လာမယ့် သြဂုတ်လ ၆ ရက်ကနေ ၈ ရက် နေ့အထိ ရန်ကုန်မြို့ မင်းဓမ္မလမ်းမှာရှိတဲ့ MCC ခန်းမမှာ ကျင်းပမှာဖြစ်ပါတယ်။
