အပြောင်းအလဲ စိန်ခေါ်မှုတွေကို ပူးပေါင်းဖြေရှင်းဖို့ ဦးကိုကိုကြီး တိုက်တွန်း

0:00 / 0:00

နိုင်ငံတကာက ခေါင်းဆောင်တွေ မြန်မာနိုင်ငံ ရောက် လာတာကို မိမိရရအသုံးချပြီး နိုင်ငံအပြောင်းအလဲရဲ့ စိန်ခေါ်မှုတွေကို ပူးပေါင်းဖြေရှင်းဖို့လိုအပ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ဒီကနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်နဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ဒီနေ့ရန်ကုန်မြို့ Park Royal Hotel မှာတွေ့ဆုံအပြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက အခုလိုပြောခဲ့တာပါ။

"အဓိကကတော့ ကျနော်တို့နိုင်ငံရဲ့ အပြောင်းအလဲ မှာ နိုင်ငံတကာခေါင်းဆောင်တွေ ရောက်လာ တယ်ဆိုတာက ဒီအပြောင်းအလဲကို အရှိန်အဟုန်ကောင်းအောင် သူတို့ ဒါကိုတွန်းအားပေးဖို့ သင်္ကေတအဖြစ်နဲ့ လာတာပေါ့လေ၊ အဲဒါကို ကျနော်တို့က မိမိရရအသုံးချပြီးတော့ ကျနော်တို့နိုင်ငံ ကြုံတွေ့နေရတဲ့ စိတ်ခေါ်မှုတွေကို ရင်ဆိုင်ဖို့၊ ကျော်လွှားဖို့ ကျနော်တို့အချင်းချင်း ကြားထဲမှာ ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေလိုတယ်၊ တစ်ယောက်နဲ့တစ်ယောက် နားလည်ဖို့လည်းလိုတယ်၊ အဲဒါမှပဲ ကျနော်တို့နိုင်ငံကို ရှေ့ကိုရွှေ့နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်"

မစ္စတာကလင်တန်နဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံမှာ အရေးကြီးဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရဖို့အတွက် လက်နက်ကိုင် အဖွဲ့အစည်းတွေသာမကဘဲ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ အမျိုးသမီးတွေရဲ့အသံတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခွင့်ရဖို့လိုအပ်ကြောင်း ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းလောက်ဟာ တောင်သူလယ်သမားတွေဖြစ်ပြီး လယ်သမားတွေရဲ့ဘဝကိုမြှင့်တင်ဖို့၊ လက်ရှိဖြစ်ပွားနေတဲ့ မြေယာသိမ်းဆည်းမှုတွေကို အကာအကွယ်ပေးနိုင်ဖို့နဲ့ ကလင်တန်ဖောင်ဒေးရှင်းအနေနဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍမှာ ထိထိရောက်ရောက် ပူးပေါင်းကူညီနိုင်ဖို့ဆိုတာတွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ တွေ့ဆုံဆွေးနွေးပွဲကို အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ၊ AAPP နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့နဲ့ အမျိုးသမီးအဖွဲ့အစည်းတွေအပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်း ပေါင်း ၂၀လောက်က ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။

ဒီအတောအတွင်း ဗြိတိသျှဝန်ကြီးချုပ်ဟောင်း တိုနီဘလဲကလည်း ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာမှာ ဒီကနေ့ နိုင်ငံရေးနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့တွေ့ဆုံပြီး ငြိမ်းချမ်းရေးကိစ္စတွေ ဟောပြောခဲ့ပါတယ်။

ဒီအကြောင်း RFA အဖွဲ့သား ဦးကျော်မင်းထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။