ကိုမန် လေမုန်တိုင်း မိုင် ၉၀ နှုန်းနဲ့ တိုက်ခတ်နိုင်ကြောင်း မိုးဇလ သတိပေး

ဘင်္ဂလားပင်လယ်အော်မှာ “ကိုမန်” (Komen) လို့ အမည်ပေးထားတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်နေတာကြောင့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းဒေသကြီးတွေမှာ တစ်နာရီကို မိုင် ၉၀ နှုန်းလောက်နဲ့ လေပြင်း တိုက်ခတ်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထုတ်ပြန်လိုက်ပါတယ်။ အဲဒီမုန်တိုင်းဟာ မြန်မာ့ကမ်းရိုးတန်းကို ဒီနေ့ညသန်းခေါင်မှာ ရိုတ်ခတ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဟာရင်နိုင်တီယမ်က ပြောပါတယ်။

"မနေ့ကမနက် ၇ နာရီ ထုတ်ပြန်ကတည်းက လိမ္မော်ရောင်လို့ သတ်မှတ်ထားတယ်၊ မြန်မာကမ်းကို မဖြတ်ပေမဲ့ မြန်မာကမ်းနဲ့အရမ်းနီးလို့ လိမ္မော်ရောင်လို့ သတ်မှတ်လိုက်တာပါ၊ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှာ တော်တော်ခံစားရတယ်ပေါ့၊ မကွေးဘက်လည်း သူဖြတ်တဲ့အချိန်မှာ ညာဘက်ကျတဲ့အခါ ကျတော့ အများကြီးခံရတယ်ပေ့ါ"

မုန်တိုင်းအရှိန်ကြောင့် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည် နယ်နှင့် ရခိုင်ပြည်နယ်တို့မှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်နိုင်တဲ့အပြင် ရေကြီးရေလျှံမှုတွေ မြေပြိုမှုတွေ ဖြစ်ပေါ်နိုင် တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။ လက်ရှိ မိုးဆက်တိုက်ရွာနေ တာကြောင့် မန်းချောင်းနဲ့ မုန်းချောင်းတို့မှာ ရေမြင့်တက်နေပြီး မန်းတမံဟာလည်း ရေထိန်းနိုင်တဲ့ပမာဏ ကို ကျော်တော့မှာဖြစ်တဲ့အတွက် စေတုတ္တရာနဲ့ ပွင့်ဖြူမြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေက ဒေသခံတွေကို အုပ်ချုပ်ရေးအဖွဲ့က နေရာပြောင်းရွှေ့ဖို့ ညွှန်ကြားထားပါတယ်။