ကိုပါကြီး သတ်ဖြတ်ခံရမှု တပ်မတော်အရာရှိတွေကို စတင်စစ်ဆေး

အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး တပ်မတော် အရာရှိတွေအပါအဝင် ၈ ဦးကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က မော်လမြိုင်မြို့မှာ ဒီကနေ့ စတင်စစ်ဆေးနေပါတယ်။

ကိုပါကြီးသေဆုံးမှုနဲ့ အဓိကပတ်သက်တဲ့ ခမရ ၂၁ဝ တပ်အရာရှိတွေနဲ့ ဘားအံမြို့ခံ သတင်းထောက်တစ်ဦး အပါအဝင် ၈ ဦးကို စစ်ဆေးမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောပါတယ်။

"ပထမတစ်ကြိမ်တော့ လူ ၃ဝ ကျော်စစ်ခဲ့ပါတယ်၊ အခု ၈ ယောက်လောက် ကျနော်တို့ စစ်ဖို့ရှိပါတယ်၊ ဒီဘက် ကတော့ အရာရှိကြီးတွေပါတယ်၊ ခုံရုံးဥက္ကဌပါတယ် ၄ ရက်နေ့ဖြစ်စဉ်မှာ အနီးကပ်ရှိတဲ့ တပ်ကအရာရှိ စစ်သည်တွေပါတယ်၊ ဘားအံကသတင်းထောက် တစ်ယောက်ကိုလည်း ကျနော်တို့ ခေါ်ထားပါတယ်၊ ကျနော်တို့တတ်နိုင်သမျှ တိတိကျကျဖြစ်အောင် ဖော် ထုတ်နေပါတယ်"

ကိုပါကြီးရဲ့ ရုပ်အလောင်း ဓာတ်ခွဲခန်းအဖြေကို ကျန်းမာရေးဌာနက တစ်ဆင့်တောင်းခံထားပြီး စစ်ဆေးတွေ့ရှိချက်တွေကို နိုင်ငံတော်သမ္မတထံ အစီရင်ခံစာတင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းက ကျိုက်မရောနဲ့ မော်လမြိုင်မြို့နယ်တွေမှာ သွားရောက် စစ်ဆေးခဲ့ပြီး ဒီနေ့စစ်ဆေးမှုဟာ ဒုတိယအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။