အလွတ်သတင်းထောက် ကိုပါကြီး(ခ) ကိုအောင်ကျော်နိုင် သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးချက်တွေနဲ့ ပတ်သက်တဲ့ စာမျက်နှာ (၁၆) မျက်နှာပါ အစီရင်ခံစာကို မြန်မာနိုင်ငံ အမျိူးသား လူ့အခွင့်ရေးကော်မရှင်က အင်တာနက်က ဝက်ဘ်ဆိုက် စာမျက်နှာမှာ ဒီကနေ့ ဖော်ပြလိုက်ပါတယ်။
အဲဒီအစီရင်ခံစာထဲမှာ အလွတ်သတင်းထောက် ကိုပါကြီးဟာ သေနတ်ကို လုယူဖို့ ကြိုးပမ်းစဉ် အစောင့်တပ်သားရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးရ တာဖြစ်ကြောင်း၊ သေဆုံးသူအလောင်းမှာ ဒဏ်ရာဒဏ်ချက် ၁၇ ခုတွေ့ရှိရကြောင်း ဖော်ပြ ထားပါတယ်။
ကိုပါကြီးအမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်ကတော့ ဒီအစီရင်ခံ ဟာ ပြည့်စုံလုံလောက်တဲ့ စစ်ဆေးချက်တွေ မဟုတ်တဲ့အတွက် မိသားစုအတွက် နစ်နာမှုတွေရှိတာကြောင့် ဒီအမှုကို လွတ်လပ်တဲ့အဖွဲ့တစ်ခုနဲ့ ပြန်လည်စစ်ဆေးပေးဖို့ သမ္မတဆီကို တင်ပြတောင်းဆိုသွားမယ်လို့ RFA ကိုပြောပါ တယ်။
"မြန်မာနိုင်ငံ အမျိူးသား လူ့အခွင့်ရေးကော်မရှင်ဟာ ပြည့်စုံလုံလောက်စွာ စုံစမ်းစစ်ဆေးမှုမပြုပဲနဲ့ ထုတ်ပြန်လိုက် တဲ့ အစီရင်ခံစာဖြစ်တဲ့အတွက် မသန္တာကလည်း လက်မခံပါဘူး၊ ဆိုလိုတာက မှုခင်းတစ်ရပ်ဖြစ်ပွားပြီးခဲ့အခါမှာ ဒါကိုသတင်းထိမ်ချန်ထားတာ၊ ပြစ်မှုကိုဖုံးကွယ်ထားတာ၊ အပြစ်ရှိသူကို အပြစ်ဒဏ်ကလွတ်မြောက်အောင် တရားစွဲမခံရအောင် ဖုံးအုပ်ထားတဲ့ဇတ်လမ်းတွေ မသန္တာကပြောနိုင်တယ်၊ အဲ့လိုပြောနိုင်တဲ့သူကို တောင်း ခံမေးမြန်းမှုမရှိပဲနဲ့ အခုလိုအစီရင်ခံစာတင်တဲ့အတွက် ဒါအများကြီးနစ်နာပါတယ်၊ ဒါကို ပြန်ပြီးတော့ လွတ်လပ်တဲ့ အဖွဲ့တစ်ခုနဲ့ စစ်ဆေးပေးပါဆိုပြီ သမ္မတကြီး ဦးသိန်းစိန်ကို တင်ပြမှာဖြစ်ပါတယ်"
မြန်မာနိုင်ငံ အမျိူးသားလူ့အခွင့်ရေးကော်မရှင်ရဲ့ အစီရင်ခံစာထဲမှာ အလွတ်သတင်းထောက် ကိုပါကြီးအမှုကို တရားဥပဒေနဲ့အညီ ဆောင်ရွက်ဖို့လိုအပ်ကြောင်း၊ အမှုနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်မှုတွေ မရှိခဲ့ကြောင်းနဲ့ အမှုကို နယ်ဘက်ဆိုင်ရာတရားရုံးမှာ စစ်ဆေးသင့်ကြောင်း စတဲ့အချက်တွေကိုလည်း တိုက်တွန်းဖော်ပြထားပါတယ်။
ဒီအကြောင်း RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
