ကိုရီးယား အထည်ချုပ်စက်ရုံ ဆန္ဒပြမှု ပြီးဆုံး

ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန်(၄)၊ ကိုရီးယားနိုင်ငံသားပိုင် Yootec အထည်ချုပ်စက်ရုံမှာ ဒီကနေ့ အလုပ်ရှင်ဖက်က အလုပ်သမားတွေ တောင်းဆိုထားတဲ့ အခြေခံလစာ နေ့စဉ်ကြေးကို ၉၂၀ ကျပ်ကနေ ၁၅၆ဝ ကျပ်အထိ တိုးပေးလိုက်တဲ့အတွက် ဆန္ဒပြနေတဲ့ အလုပ်သမားတွေနဲ့ အလုပ်ရှင်ကြား ပြေလည်မှုရရှိခဲ့ပါတယ်။

လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ဒီကနေ့နေ့လည်ပိုင်းက အလုပ်ရှင်ကိုယ်စားလှယ်တွေနဲ့ အလုပ်သမားခေါင်းဆောင်တွေ တွေ့ဆုံညှိနှိုင်းခဲ့ပြီး၊ အလုပ်သမားတောင်းဆိုချက်တွေကို လိုက်လျောပေးတဲ့အတွက် ပြေလည်မှုရရှိခဲ့တာလို့ အလုပ်သမား ကိုမျိုးဇော်ထက်က RFA ကို ပြောပါတယ်။

"အလုပ်သမားတွေ တောင်းဆိုချက်နဲ့စက်ရုံမန်နေဂျာရဲ့ ပေးအပ်တာအဆင်ပြေလို့ ပြေလည်ဖို့ စာချုပ် နှစ်ဦးနှစ်ဖက် ချုပ်လိုက်တယ်။OT ကြေးလည်းတိုးသွားသလို အလုပ်သမားတွေရဲ့ အခွင့်အရေးတော်တော်များများရလို့ သူတို့ကျေနပ်သွားတယ်"

ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့ကစပြီး အလုပ်သမား ၇ဝ ကျော်လောက်က အခြေခံလစာတိုးပေးဖို့အချက်အပါအဝင် အချက် ၁၅ ချက်ကို တောင်းဆိုနေတာဖြစ်ပြီး ၇ ရက်နေ့မှာ ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် ပြေလည်မှုမရရှိခဲ့တဲ့အတွက် မနေ့ကအထိ ဆန္ဒပြတောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြအလုပ်သမားတွေဟာ ပြေလည်မှုရရှိသွားတဲ့အတွက် မနက်ဖြန်မှာ ပုံမှန်အတိုင်း လုပ်ငန်းခွင်ထဲမှာ ဝင်ရောက်လုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။