ဒီမိုကရက်တစ် မြန်မာ့အသံ DVB သတင်းထောက် ကိုဇော်ဖေနဲ့ သတင်းထောက်အားလုံး လွတ်မြောက်ရေး အတွက် မကွေးမြို့မှာ မကွေးမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၊ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ မကွေး မြို့ခံ သတင်းထောက်တွေ ဒီနေ့ စုပေါင်း ဆန္ဒပြတောင်း ဆိုခဲ့ကြပါတယ်။
မကွေးတိုင်းဒေသကြီး အစိုးရနဲ့ တရားစီရေးမဏ္ဍိုင်ဟာ မီဒီယာသမားတွေကို ဖိနှိပ်မှုအများဆုံးဖြစ်တာကြောင့် အခုလို ဆန္ဒပြရတာဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ကိုနေမျိုးကျော် က ပြောပါတယ်။
"မကွေးတိုင်းဒေသကြီးအတွင်းမှာ မီဒီယာဖိနှိပ်မှှု အားကြီးတဲ့အတွက် မကွေးတိုင်းဒေသကြီး အစိုးရနဲ့ ဖိနှိပ်ပြီးတော့မှ တရားစွဲဆိုထောင်ချတဲ့ မဏ္ဍိုင်ကို ကျနော်တို့ အလိုသဘောမတူကြောင်း အဲ့လို မတရားတဲ့ အမိန့်အာဏာတွေကို မကွေးတိုင်းပြည်သူတွေနဲ့ သတင်းထောက်တွေက ဆန့်ကျင်ကြောင်း၊ ရှုံ့ချကြောင်း ဒီနေ့ပြသခဲ့တာဖြစ်တယ်ဗျ၊ကိုဇော်ဖေ အပါ အဝင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ မတရားသဖြင့်တရားစွဲဆို ဖမ်းဆီးခြင်းခံထားရတဲ့ သတင်းထောက် အားလုံး ပြန်လွှတ်ပေးဖို့၊နောက်မီဒီယာဖိနှိပ်မှှုတွေကို ချက်ချင်း ရပ်ဆိုင်းသွားဖို့ နောက်တာဝန်သိစွာ စတုတ္ထမဏ္ဍိုင်ကို သတင်းပေးတယ်၊အကူအညီပေးတယ်၊ပူးပေါင်းဆောင် ရွက်တယ် ကျောင်းသားမိဘ ကိုဝင်းမြင့်လှိှုင် ခေါ် ကိုလှိှုင်လှိှုင်ကို ချက်ချင်းချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အဲ့ဒါ အဓိကတောင်းဆိုပါတယ်"
ဒီနေ့ ဆန္ဒပြပွဲကို ခွင့်ပြုချက်မရဘဲ ပြုလုပ်ခဲ့တာဖြစ်တဲ့အတွက် မကွေးမြို့ရဲစခန်းက တားမြစ်ခဲ့ပါတယ်။
ဆန္ဒပြပွဲအပြီးမှာ ကိုဇော်ဖေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းထောက်တွေကို အမြန်ဆုံး လွှတ်ပေးဖို့နဲ့ မီဒီယာဖိနှိပ်မှုကို ချက်ချင်းရပ်တန့်ပေးဖို့ဆိုတဲ့ အချက် ၁၀ ချက်ပါ သဘောထား ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
