ဒီမိုကရက်တစ်မြန်မာ့အသံ DVB သတင်းထောက် ကိုဇော်ဖေ ခေါ် ကိုသူရသက်တင်ကို မကွေး မြို့နယ် တရားရုံးက ရာဇဝတ်မှုနဲ့ အရေးယူခဲ့တာကြောင့် လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်အတွက် အားထုတ်နေ ကြတဲ့ သတင်းမီဒီယာသမားတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်ပူပန်ကြောင်း Pen Myanmar အဖွဲ့က ပြောလိုက် ပါတယ်။
စာရေးဆရာတွေ ကဗျာဆရာတွေနဲ့ စုဖွဲ့ထားတဲ့ Pen Myanmar အဖွဲ့က ဒီနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်တာပါ။ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချနေတာတွေဟာ သတင်းလွတ်လပ်ခွင့်ကို တားဆီးပိတ်ပင်ရာရောက်တဲ့အတွက် ကန့်ကွက်ကြောင်း Pen Myanmar အဖွဲ့ကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးမျိုးမြင့်ညိမ်းက ပြောပါတယ်။
"လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်ကို ဟန့်တားတယ်လို့ ကျနော်တို့ကယူဆတယ်လေ၊ဝတ္တရားနှောက်ယှက်မှှုတို့ ပိုင်နက်ကျူးလွန်မှှုတို့ အဲ့ဒါတွေက လက်ရှိသတင်းထောက်တွေကို သတင်းရယူတဲ့အချိန်မှာ အနှောက်အယှက်ဖြစ်စေ တယ်လို့ ကျနော်ယူဆတယ်၊သတင်းလွတ်လပ်ခွင့်ဆိုတာတဖြည်းဖြည်းနဲ့ ဆုတ်ယုတ်သွားမှာပေါ့နော် ကျနော်တို့ Pen Myanmar အဖွဲ့ဟာလွတ်လပ်စွာရေးသားခွင့်၊လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အဓိကရည်ရွယ်တာပေါ့ ဆိုတော့ အခုဖြစ်တဲ့ ကိစ္စကတော့ ဒါတကယ်ကို သတင်းလွတ်လပ်ခွင့်မရှိဘူး ဆိုတာပြလိုက်တာပဲလေ၊နောက်ပြီးတော့ ဒီဥပဒေတွေ ပုဒ်မတွေနဲ့လည်းမငြိစွန်းဘူးလို့ ကျနော်ယူဆတယ်"
DVB သတင်းထောက် ကိုဇော်ဖေဟာ မကွေးမြို့ခံ ကျောင်းသားမိဘတစ်ဦးနဲ့ အတူ ဂျပန်နိုင်ငံကထောက်ပံ့တဲ့ ပညာရေးအစီအစဉ်နဲ့ ပတ်သက်ပြီး မကွေးမြို့ ပညာရေးမှူးရုံးမှာ သတင်းယူဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းထောက် ကိုဇော်ဖေကို မကွေးမြို့ ပညာရေးမှူးရုံးက တရားလိုပြုပြီး ပိုက်နက်ကျူးလွန်မှု၊ ဝတ္တရားနှောက်ယှက်မှုတွေနဲ့ တရားစွဲခဲ့တာပါ။
သူတို့ကို ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့က မကွေးမြို့ တရားရုံးကနေ ထောင်ဒဏ်တစ်နှစ်စီ ပြစ်ဒဏ် ချမှတ်ခဲ့တာပါ၊ သတင်းထောက်ဟာ အများပြည်သူဝင်ထွက်နိုင်တဲ့ ဌာနဆိုင်ရာရုံးနေရာတွေမှာ ဝင်ရောက် သတင်းယူတာကို အဲဒီလိုပုဒ်မမျိုးတွေနဲ့ ထောင်ချအရေးယူတာဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ထိပါးတာဖြစ်ကြောင်း Pen Myanmar ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။