ကိုဇော်ဖေလွတ်မြောက်ရေး ဆန္ဒပြခွင့် မကွေးမှာ ငြင်းပယ်ခံရ

ဒီမိုကရက်တစ် မြန်မာ့အသံ DVB သတင်းထောက် ကိုဇော်ဖေ လွတ်မြောက်ဖို့ အတွက် မကွေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ နယ်ခံသတင်းထောက်တွေ ပူးပေါင်းပြီး ဆန္ဒပြခွင့်တောင်းခံရာမှ မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူးက ငြင်းပယ်ခဲ့ပါတယ်။

မကွေးမြို့မှာ တရားစွဲဆို ထောင်ချခံထားရတဲ့ သတင်းထောက်မရှိကြောင်း စာပို့ပြီး ငြင်းပယ်ခဲ့တာလို့ မကွေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးနေမျိုးကျော်က ပြောပါတယ်။

"၇.၅.၂၀၁၄ ရက်နေ့ဟာတဲ့ အစိုးရရုံးများ ဖွင့်လှစ်သည့်နေ့ဖြစ်ဖြစ်ပြီး အစိုးရရုံးနဲ့ ရုံးဌါနတွေ တည်ရှိရာ လမ်းကြောင်းဖြစ်တဲ့အတွက် တည်ငြိမ်အေးချမ်းမှှုကို ထိခိုက်စေနိုင်တဲ့ ယာဉ်ကြောပိတ်ဆို့မှှု၊မလိုလားအပ်တဲ့ ယာဉ်တိုက်ခိုက်မှှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဖော်ပြထား ပါတယ်၊မကွေးမြို့နယ်အတွင်းမှာ ဥပဒေမဲ့တရားစွဲဆို ထောင်ချထားတဲ့ မီဒီယာသတင်းထောက်များ မရှိဘူးလို့ အဲ့လိုမျိုးအချက်သုံးချက်နဲ့ ငြင်းပယ်ထားတယ်ဗျ၊မည်သူကပင်ငြင်းပယ်ထားသည်ဖြစ်စေ သက်မှတ်ထားတဲ့ အချိန်မှာဆန္ဒပြသွားဖို့ ကျနော်တို့ ပြင်ဆင်ထားတယ် "

လာမယ့် မေလ ရ ၇က်နေ့မှာ ဆန္ဒပြခွင့်ရဖို့ တင်ပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့မှာ ပဲခူးတိုင်း ပြည်မြို့နဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့တို့မှာလည်း နယ်သတင်းထောက်တွေနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ကိုဇော်ဖေလွတ်မြောက်ဖို့ ဆန္ဒပြခဲ့ကြသလို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဆုတောင်းပွဲတွေ ကျင်းပ ခဲ့ကြပါတယ်။

ကိုဇော်ဖေလွတ်မြောက်ဖို့ ဆန္ဒပြခဲ့တဲ့ ပဲခူးတိုင်း ပြည်မြို့က သတင်းထောက် ကိုရေခဲကိုလည်း ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက တရားမဝင်စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

DVB သတင်းထောက် ကိုဇော်ဖေဟာ ၂၀၁၂ခုနှစ်က မကွေးမြို့နယ် ပညာရေးမှူးရုံးမှာ သတင်း သွားယူရာကနေ ပိုင်နက်ကျူးလွန်မှု၊ ဝတ္တရားနှောင့်ယှက်တွေမှုနဲ့ မကွေးမြို့နယ်တရားရုံးက တရားစွဲဆိုခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလ ၇ရက်နေ့က ထောင်ဒဏ်တစ်နှစ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။