ကွတ်ခိုင်မြို့နယ်မှာ သတ္တုတူးဖော်မှာကို ဒေသခံတွေ ကန့်ကွက်

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ဒေသအတွင်း စီးဆင်းနေတဲ့ နမ့်မောချောင်းနဲ့ နမ့်ခါချောင်း တလျှောက် မြန်မာ့မြားဦးကုမ္ပဏီက ဒေသခံ ပြည်သူ့စစ်နဲ့ ပူးပေါင်းပြီးတော့ သတ္တုတူးဖော်ရေးလုပ်ငန်း စတင်လုပ်ကိုင်မှာ ဖြစ်တဲ့အတွက် နမ့်ဖတ်ကာရွာနဲ့ တစ်မိုင်အကွာ သတ္တုတူးဖော်မယ့်နေရာမှာ ဒေသခံတွေက ဒီကနေ့မနက်ပိုင်းက စုပေါင်းကန့်ကွက်ခဲ့ကြပါတယ်။

ဒီလုပ်ငန်းကြောင့် ဒေသတွင်း လယ်မြေတွေ ထိခိုက်မှုများမှာကြောင့် ဒေသခံတွေက ဆန့်ကျင် ကန့်ကွက်တဲ့အကြောင်း ကန့်ကွက်ရာမှာပါတဲ့ ပလောင်အမျိုးသမီးတစ်ဦးက ခုလို ပြောပြပါတယ်။

“စာရေးတိုင်တာကတော့ နမ့်ဖတ်ကာ ကျေးရွာမှာရှိနေတဲ့ ပြည်သူလူထုတွေက သတ္ထုတူးဖေါ်ရေး ဆန့်ကျင့်ရေး ကော်မီတီတစ်ရပ်ဖွဲ့ကာ စာရေးပြီးတော့ နမ့်ဖတ်ကာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို တိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ သတ္တုတူးဖေါ်ရေး ကုမ္ပဏီကိုလည်း ဒီစာပေးပို့တာပေါ့”

ဒေသခံလူဦးရေ ၂၀၀ ကျော်က မကျေနပ်လို့ လက်မှတ်ထိုးပြီး လွန်ခဲ့တဲ့ မတ်လ ၅ ရက်နေ့ကတည်းက တိုင်ကြားထားတာပါ။ အခုအခါ သတ္တုတူးဖော်ရေးအတွက် အဆောက်အအုံနဲ့ လမ်းတွေ နမ့်ဖတ်ကာ ကျေးရွာမှာ စဆောက်နေပါတယ်။ တကယ်လို့ သတ္တုတူးဖော်ရင် ဒေသခံတွေ ဒုက္ခအမျိုးမျိုး ကြုံရနိုင်တဲ့အကြောင်း စောစောက အမျိုးသမီးက “လယ်ယာမြေတွေ အများကြီး ထိခိုက်ဆုံးရှုံးနိုင်တယ်။ အခုလောလောဆယ် လမ်းဖောက်တာတောင်မှ ကျွန်မတို့ရဲ့သောက်ရေချောင်းကို သွားထိခိုက်တယ်။ တကယ်တူးတော့မယ်ဆိုရင် သတ္တုထဲက ထွက်လာတဲ့ အဆိပ် အတောက်တွေက ရေထဲကို စိမ့်ဝင်နိုင်တယ်။ အဲဒီမှာ နမ့်မောချောင်းကို မှီတင်းပြီးမှ လုပ်ကိုင်စားသောက်တဲ့လူတွေ သိန်းချီပြီး ရှိတယ်။ အဲဒီရေကလည်း သူတို့ရဲ့အဓိက သောက်သုံးရေ ဖြစ်နေတယ်ဆိုတော့ စိုးရိမ်တာက ရောဂါတွေ ရလာနိုင်တာ”

အခုလို သတ္တုတူးဖော်တဲ့လုပ်ငန်းနဲ့ ပတ်သက်လို့ ပလောင်၊ ကချင် စတဲ့ ဒေသခံတွေနဲ့ ကုမ္ပဏီက ညှိနှိုင်းခွင့်တောင်းတာလည်း မရှိဘူးလို့ သိရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ မြန်မာ့မြားဦးကုမ္ပဏီကို ဆက်သွယ်ပေမယ့် မရခဲ့ပါဘူး။

အဆိုပါ ကုမ္ပဏီဟာ နမ့်ဖမ့်ကာ အခြေစိုက် ကုမ္ပဏီအသစ်ဖြစ်ပြီး လွယ်လွမ် ပြည်သူ့စစ်ခေါင်းဆောင်နဲ့ ဒေသခံ စီးပွားရေးသမားတချို့ တည်ထောင်ရာမှာ ပါပါတယ်။