ကြာအင်းဆိပ်ကြီးမြို့ အိမ်ခြေ ၃၀၀ ခန့် ရေနစ်မြုပ်

ထိုင်း မြန်မာနယ်စပ်အနီး ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့မှာ မိုးအဆက်မပြတ် ရွာသွန်းပြီး ဇမိမြစ်ရေကြီးနေတဲ့အတွက် ကမ်းနားပိုင်း ရပ်ကွက်ဖြစ်တဲ့ အမှတ် (၆) ရပ်ကွက် တစ်ခုလုံးနီးပါးနဲ့ အမှတ် (၄) ရပ်ကွက်အချို့ အိမ်ခြေ ၃၀၀ ခန့် ရေတွေ နစ်မြုပ်နေတယ်လို့ သိရပါတယ်။

ရပ်ကွက် (၆) ခုရှိတဲ့မြို့မှာ အမှတ် (၆) နဲ့ အမှတ် (၄) ရပ်ကွက် အချို့နေရာတို့ ရေနစ်မြှုပ်နေတယ်လို့ အကူအညီပေးရေး လုပ်ဆောင်နေတဲ့ ဒေသခံမြို့သား တစ်ယောက်က ပြောပါတယ်။

“ဇမိမြစ် မြစ်ရေက အမြင့်ပေ (၁၀) ပေလောက် တက်လာတယ်။ စိုးရိမ်ရေမှတ်ရဲ့အပေါ် (၁) ပေလောက် မြင့်တက်လာတယ်။ အမှတ် (၆) ရပ်ကွက် အဲဒီဘက်မှာက ကမ်းနားပိုင်း တစ်ခုလုံးပေါ့။ နောက်အမှတ် (၄) ရပ်ကွက်နည်းနည်း၊ အိမ်ခြေက (၁၅၀) မြှုပ်သွားပြီ။ အခု ကျွန်တော်တို့ အိမ်ခေါင်မိုးအထိက ထက်ဝက်ကျော်လောက်မြှုပ်တယ်။ အိမ်ရဲ့တစ်ဝက်တိတိလောက်ကို အိမ်ကြမ်းပြင်ရဲ့ တစ်ဝက်လောက်ပေါ့။ အိမ်ကြမ်းပြင်လောက် တဝက်တိတိမြှုပ်တာက အိမ် (၁၀၀) လောက် ရှိတယ်လေ။ ဒုက္ခရောက်တဲ့ လူဦးရေက (၇၀၀-၈၀၀)လောက်ရှိတယ်။ ရေအခြေအနေက အဲဒီအမြင့်ပေမှာပဲ တန့်နေတယ်။ အနောက်ဘက်ကမ်း မြှုပ်လို့ရှိရင်တော့ တစ်မြို့လုံးမြှုပ်မယ့် အနေအထားမှာ ရှိတယ်”

တချိုု့လူတွေက မိမိတို့ အိမ်ကြမ်းပြင် မမြှုပ်သေးတဲ့အတွက် ဒီအတိုင်းပဲ အိမ်ပေါ်မှာ နေနေကြသေးတယ်လို့လည်း ဆိုပါတယ်။ အဲဒီလို ရေကြီးနေတဲ့အတွက် လူဦးရေ (၈၀၀) ခန့်ဟာ အမှတ် (၆) ရပ်ကွက်မှာရှိတဲ့ ရော်ဘာခြံ ကုန်းမြင့်နဲ့ ဗိုလ်တဲစုတွေမှာ ယာယီတဲထိုးပြီး နေနေကြပါတယ်။

ရေဘေး ဒုက္ခရောက်သူတွေကို ဆန်၊ အဝတ်အထည်၊ စားနပ်ရိက္ခာများကို ကျောင်းသား လူငယ်တွေက စတင်ကူညီခဲ့ကြပြီး နောက်ပိုင်းမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲချုပ်၊ ပြည်ခိုင်ဖြိုး ပါတီနဲ့ ရပ်မိရပ်ဖတွေ ပါဝင်ကူညီလာကြသလို၊ ပြည်နယ် သတ္ထုတွင်း ဝန်ကြီး ဦးဆောလောလလည်း လာရောက်ပြီး လိုအပ်တာတွေကို ကူညီပေးခဲ့တယ်လို့ သိရပါတယ်။ ရေဘေးကြောင့် ကလေးငယ်တချို့ ဖျားနာတာကလွဲပြီး သေကြေ ပျက်စီးမှုတော့ မရှိသေးကြောင်းလည်း သိရပါတယ်။