ကျောက်တော်မြို့နယ်တွင် လုယက်သတ်ဖြတ်မှုဖြစ်ပွား

မကြာခင်ရက်ပိုင်းက ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ သတ်ဖြတ်ခံခဲ့ရတဲ့ သရက်အုပ်ကျေးရွာနေ ဦးကျော်မောင်ချေကို မနေ့နေ့လည်ပိုင်းက ကျောက်တော်မြို့မှာ သဂြိုဟ်ခဲ့ရာမှာ မြို့ပေါ်နဲ့ ကျေးရွာတွေက ဒေသခံ နှစ်သောင်းနီးပါး လိုက်ပါ ပို့ဆောင်ခဲ့ကြကြောင်း မြို့ခံတစ်ဦးဖြစ်သူ ကိုဗျာလာခိုင်က RFA ကို ပြောပါတယ်။

2012.09.13

"အသုဘမှာ လူနှစ်သောင်းဝန်းကျင်လောက်တော့ ရောက်တယ်။ တစ်မြို့နယ်လုံးက အဲဒီအပေါ်မှာ တော်တော်လေး စိတ်ဝင်စားပြီး စိတ်မကောင်းစွာနဲ့ လာပြီးတော့ အသုဘကို လိုက်ပါပို့ဆောင်ပေးကြတယ်။ လူငယ်၊ လူကြီး အကုန်လုံးပဲ။ အလွှာအသီးသီးက လူတွေပါကြတယ်"

ကျောက်တော်မြို့နယ် သရက်အုပ်ကျေးရွာသား ဦးကျော်မောင်ချေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၁) ရက်နေ့ ညနေ ၅ နာရီလောက်က သားဖြစ်သူ နိုင်ငံခြားကနေ ပေးပို့တဲ့ငွေ ထုတ်ယူပြီး ကျောက်တော်မြို့ကအပြန် မြို့နဲ့ ၃ မိုင်ခန့်အကွာမှာ အကြမ်းဖက်သမားတွေရဲ့ လုယက်သတ်ဖြတ်မှု ခံခဲ့ရတာ ဖြစ်ပါတယ်။

အခင်းမဖြစ်ပွားမီ မနက်ပိုင်းက သရက်အုပ်ကျေးရွာနဲ့ ကျောက်တော်မြို့အကြား အကြမ်းဖက်သမားလို့ ယူဆရသူတွေက တုတ်၊ ဓားတွေ ကိုင်ဆောင်ပြီး ရန်ပြုမယ့် အနေအထားမျိုးတွေ ရှိနေကြောင်း သရက်အုပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းက မြို့နယ်အုပ်ချုပ်ရေးမှူးကို တင်ပြခဲ့ပေမဲ့ တစ်စုံတစ်ရာ မဆောင်ရွက်ခဲ့ဘူးလို့ မြို့ခံတွေက ဆိုပါတယ်။

ဦးကျော်မောင်ချေ အသတ်ခံရတဲ့ အမှုနဲ့ပတ်သက်လို့ ပြစ်မှုကျူးလွန်သူလို့ ယူဆရသူတွေဖြစ်တဲ့ ပိုက်သည်ရွာသား ရွှေမောင်(ခေါ်) အဒူမာလိတ်နဲ့ လာလူး (ခေါ်) ဖော်ရီအာမတ်တို့ နှစ်ဦးကို မနေ့မနက်ပိုင်းက ဖမ်းဆီးခဲ့ပြီး စစ်ဆေးနေတယ်လို့ ကျောက်တော်မြို့နယ် ရဲစခန်းမှူး ဦးလှမျိုးအောင်က RFA ကိုပြောပါတယ်။

ဒီအအတွင်း စက်တင်ဘာလ (၁၁) ရက်နေ့ကပဲ နေပြည်တော်မှာ မြန်မာနိုင်ငံ ဆိုင်ရာ အီရန် အစ္စလာမ်မစ် သမ္မတနိုင်ငံ သံအမတ်အဖြစ် ခန့်အပ်လိုက်တဲ့ မစ္စတာ ဟိုစိန် ကမာလီယံ ဟာ မနေ့မနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာခဲ့ပါတယ်။

ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ စစ်တွေမြို့မိ မြို့ဖတွေ၊ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းစွာ အတူလက်တွဲ နေထိုင်နိုင်ရေးအတွက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။