ရေနက်ဆိပ်ကမ်းစီမံကိန်း အကျိုးအမြတ် ပြောင်းလဲသတ်မှတ်ဖို့ ဆွေးနွေး

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ပတ်သက်ပြီး မြန်မာနဲ့တရုတ်အစိုးရကြား အကျိုးအမြတ် ပြောင်းလဲ သတ်မှတ်ဖို့ ဆွေးနွေးနေပြီး အမြန်ဆုံးအတည်ပြုနိုင်ဖို့ စီစဉ်နေတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင် က ပြောပါတယ်။

တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံကို အကျိုးအမြတ်ရာခိုင်နှုန်းတိုးမြှင့်ပေးဖို့ တင်ပြထားတဲ့အတွက် ဆွေးနွေးနေ ကြတာဖြစ်တယ်လို့ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင် က ပြောပါတယ်။

"ပြန်ပြီးတော့ ဆွေးနွေးနေတဲ့အဆင့်ပေါ့။ သူတို့ဘက်ကလည်း အရင်ပေးထားတဲ့ ရာခိုင်နှုန်းအပေါ်မှာ ထပ်တိုးပြီး ပေးဖို့ proposal လုပ်ထားတာတွေရှိတယ်။ ဒီဘက်ကလည်း လိုအပ်တဲ့ဟာတွေနဲ့ ဆွေးနွေး ညှိနှိုင်းနေတယ်။ အမြန်ဆုံးပြီးအောင်တော့ ညှိနှိုင်းနေပါတယ်"

လက်ရှိအစိုးရရဲ့ မူဝါဒအတိုင်း အကျိုးအမြတ်ရာခိုင်နှုန်း ပြောင်းလဲသတ်မှတ်ဖို့ ဆွေးနွေးနေကြတာဖြစ်ပြီး အကျိုး အမြတ်ရာခိုင်နှုန်း တိုးမြှင့်ရယူတဲ့အခါ တာဝန်ခံမှုအပိုင်းတွေလည်း တိုးလာမှာဖြစ်တာကြောင့် အဲဒီအချက်တွေကိုပါ ထည့်သွင်းဆွေးနွေးနေကြတာဖြစ်တယ်လို့ ပြောပါတယ်။

တရုတ်အစိုးရဘက်က တင်ဒါအောင်ထားတဲ့ CITIC Group နဲ့ မြန်မာအစိုးရဘက်က ပညာရှင်တွေ၊ အစိုးရ ဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ ဥပဒေရေးရာကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီတို့ ဆွေးနွေးနေကြတာဖြစ်တယ်လို့ ပြောပါတယ်။

ဆွေးနွေးဆုံးဖြတ်ပြီးတဲ့အခါ အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ဗဟိုအဖွဲ့ရဲ့ အတည်ပြုချက်ရယူပြီး အများပြည်သူကို သိရှိအောင် ထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့အစိုးရလက်ထက်က ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ပတ်သက်ပြီး အကျိူးအမြတ်ကို တရုတ်ဘက်က ၈၅ ရာခိုင်နှုန်းနဲ့ မြန်မာဘက်က ၁၅ ရာခိုင်နှုန်းလို့ သတ်မှတ်ထားပြီး လက်ရှိမှာ တရုတ်ဘက်က ၇၀ ရာခိုင်နှုန်းနဲ့ မြန်မာဘက်က ၃၀ ရာခိုင်နှုန်းထားရှိဖို့ ဆွေးနွေးနေကြတယ်ဆိုပြီး သတင်းထွက်နေမှုတွေ အပေါ် ဦးခင်မောင်လွင်က ရာခိုင်နှုန်း ဘယ်လောက်သတ်မှတ်မယ်ဆိုတာကို အတည်မပြုရသေးတဲ့အတွက် ထုတ်ဖော် ပြောကြားနိုင်ခြင်း မရှိသေးဘူးလို့ ပြောပါတယ်။

ကျောက်ဖြူခရိုင် ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင် စတဲ့ မြို့နယ်တွေမှာ အကောင်အထည်ဖော်မယ့် အထူးစီးပွားရေး ဇုန်စီမံကိန်းမှာ ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ အဆင့်မြင့်အိမ်ရာစီမံကိန်းတွေ ပါဝင်မှာဖြစ်ပြီး မြေဧကပေါင်း ၄၂၀၀ ကျော်မှာ အကောင်အထည်ဖော်မှာဖြစ်ပါတယ်။