ကျောက်ဖြူမှာ ပိုက်လိုင်းကြောင့် နစ်နာမှုတွေဖြေရှင်းပေး ဖို့ ကျေးရွာတွေ တောင်းဆို


2013.08.02

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းမှာ ရွှေသဘာဝဓာတ်ငွေပိုက်လိုင်းစီမံကိန်းကြောင့် ထိခိုက်နစ်နာမှုတွေကို ဖြေရှင်းပေးဖို့ ကျေးရွာပေါင်း ၃၀ ကျော်က အချက် ၅ ချက်ပါတဲ့ တောင်းဆိုချက်တွေကို ဒီနေ့ရက်စွဲနဲ့ ကျောက်ဖြူခရိုင် အာဏာပိုင်တွေဆီ စာရေးသားတောင်းဆိုလိုက်ပါတယ်။

ဒီဓာတ်ငွေ့ပိုက်လိုင်းကြောင့် ထိခိုက်နစ်နာနေရတဲ့ ရွာ ၃၀ ထဲက ဒေသခံ ဦးမောင်အေးက RFA ကို အခုလို ပြောပါတယ်။

"ကျနော်တို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကိုတင်တယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံးကိုတင်တယ်၊ နောက်ကျောက်ဖြူမှာ ရှိတဲ့ ပါတီတွေကို မိတ္တူပို့ခဲ့တယ်၊ ကျနော်တို့တောင်းဆိုချက်ကို စာစပြီးတင်တဲ့ရက်ကစပြီး ၁၅ ရက်အတွင်း မှာပေါ့ တုန့်ပြန်ဖြေရှင်းပေးဖို့ တောင်းဆိုထားတယ်ခင်ဗျ”

ဒီကနေ့ပေးပို့တဲ့စာကို ကြတ္တိန်၊ သပြုတောင်၊ မင်းပြင်၊ ချောင်းဝ၊ သဖန်းချောင်း၊ လိပ်ခမော်၊ ကုလားကျွန်း၊ ကပိုင်ချောင်း စတဲ့ကျေးရွာပေါင်း ၃၀ ကျော်က ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဒေသဖွံ့ဖြိုးရေးကော်မတီက လက်မှတ်ရေးထိုး ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

အဲဒီအချက် ၅ ချက်ကတော့ ကျေးလက်စာသင်ကျောင်း၊ ဆေးပေးခန်း၊ သောက်သုံးရေရရှိဖို့၊ ကျေးရွာချင်းဆက် လမ်းတွေ ဖောက်လုပ်ပေးဖို့နဲ့ လျှပ်စစ်မီးရရှိရေးအတွက် မဖြစ်မနေဆောင်ရွက်ပေးဖို့ တွေပါဝင်တယ်လို့သိရပါတယ်။

ဒီတောင်းဆိုချက်တွေကို ကျောက်ဖြူမှာအခြေစိုက်နေတဲ့ ဒေဝူးကုမ္ပဏီနဲ့ မြန်မာအစိုးရပိုင် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE တာဝန်ခံတွေကို သွားရောက်ပေးပို့ရာမှာ လက်ရှိတာဝန်ရှိသူတွေက ဒေသ အာဏာပိုင်တွေနဲ့သာ သက်ဆိုင်တယ်ဆိုပြီး လက်ခံဖို့ငြင်းဆန်ခဲ့တယ်လို့လည်းဆိုပါတယ်။

ဒီတောင်းဆိုချက်တွေကို သက်ဆိုင်ရာ အာဏာပိုငအဆင့်ဆင့်ကို ဆက်လက်တင်ပြတောင်းဆိုသွားဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။