ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီးသွားတဲ့ လယ်ယာမြေတွေအတွက် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းစု MOGE က ဒေသခံတောင်သူ ၂၀ ကျော်ကို ဒီနေ့ သီးနှံလျော်ကြေးငွေပေးအပ်ရာမှာ ဒေသခံတောင်သူတွေက ငြင်းဆိုလိုက်ပါတယ်။
စာချုပ်ပါအချက်အလက်တွေကို မသိရဘဲ သီးနှံလျော်ကြေးကို အပြီးသတ်ပေးဖို့ ကြိုးစားတာကြောင့် ငြင်းဆိုတာလို့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ မလကျွန်းရွာသူ ဒေါ်ကြည်ကြည်နှင်း က ပြောပါတယ်။
"အခမ်းအနားရဲ့ ဗီနိုင်းမှာလည်းပါတယ် တောင်သူလယ်သမားတွေကို သီးနှံလျော်ကြေး အပြီးသတ်ပေးချေပွဲလုပ်ပါတယ်၊ အဲ့ဒါ ကျမတို့အနေနဲ့ လက်ခံလို့မရဘူးလေ၊ အခုပေးတာက သီးနှံလျော်ကြေးရဲ့ ငါးဆပေးမယ်ဆိုလို့ရှိရင် လယ်ကိုလုပ်ပြီးတဲ့အခါကျမှပဲ ကျမတို့က အပြီးသတ်ဖြစ်မှာကိုး၊ လယ်ကို မလုပ်ပြီးမချင်းကတော့ အပြီးသတ်မဖြစ်ဘူး၊ နောက်ပြီး ဒီစာချုပ်ဆိုတာကလည်း ကျမတို့ကိုမဖတ်ပြဘူး၊ စာချုပ်ဆိုတာက ကျမတို့ဘာတွေလိုအပ်လဲ၊ သူတို့ဘက်က ဘာတွေလိုက်လျောပေးမယ်ဆိုတဲ့ အပိုင်းနဲ့ ရေးထားတဲ့စာချုပ်မဟုတ်ဘူး၊ သူတို့မှာအဆင်သင့်ပါလာတဲ့စချုပ်"
လိပ်ခမော်၊ မလကျွန်း၊ ရုံးချွိန်၊ အုန်းတော စတဲ့ ကျေးရွာတွေက ဒေသခံတောင်သူ ၂၀ ကျော်အတွက် အပြီးသတ် သီးနှံလျော်ကြေးငွေကို လယ်တစ်ဧကအတွက် တစ်နှစ်မှာ ကျပ်တစ်သိန်းခွဲနှုန်းနဲ့ ၅ ဆ ပေးဖို့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းစု MOGE က ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ဒီနေ့ စီစဉ်ခဲ့တာဖြစ်ပါတယ်။
အသင့်ပါလာတဲ့ လျော်ကြေးစာချုပ်မှာ လက်မှတ်ရေးထိုး ထုတ်ယူဖို့ပြောဆိုပြီး တောင်သူတွေဘက်က အဲ့ဒီ စာချုပ်ပါအချက်အလက်တွေကို ဖတ်ပြဖို့တောင်းဆိုခဲ့ရာမှာ MOGE တာဝန်ရှိသူက ငြင်းဆိုခဲ့တယ်လို့ လည်း ပြောပါတယ်။
ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းဟာ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်ကနေ နှစ်ပေါင်း ၃၀ စီမံကိန်းဖြစ်တဲ့အတွက် အခု MOGE ကနေတဆင့်ပေးတဲ့ သီးနှံလျော်ကြေး ၅ ဆဟာ စီမံကိန်းပြီးတဲ့အချိန်အထိ အပြီးသတ်ပေးတာလားဆိုတဲ့ အချက်ကိုလည်း တိတိကျကျထုတ်ဖော်ပြောဆိုတာမရှိဘူးလို့လည်း အခမ်းအနားကို တက်ရောက်ခဲ့တဲ့တောင်သူတွေ က ပြောပါတယ်။
ဒေသခံတောင်သူတွေအနေနဲ့ ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းရာမှာ ရွှံ့ဖုံးပြီးပျက်စီးသွားတဲ့ လယ်ယာမြေတွေကို မူလအတိုင်း ပြန်လည်လုပ်ကိုင်လို့ ရအောင်ဆောင်ရွက်ပေးဖို့ အဓိကတောင်းဆိုနေကြတာဖြစ်ပါတယ်။
