ကျောက်ဆည်မှာ ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေ ဆန္ဒပြ
2015.02.25
အမျိုးသားပညာရေး ဥပဒေပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို အမြန်ဆုံးအတည်ပြုပြဌာန်း ပေးဖို့ ကျောက်ဆည်ခရိုင်နဲ့ မန္တလေးခရိုင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ က ကျောက်ဆည်မြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆို ကြပါတယ်။
အဲ့ဒီဥပဒေမူကြမ်းကို အတည်ပြုပြဌာန်းပေးဖို့အတွက် အစိုးရနဲ့ ပြည်ထောင်စု လွှတ်တော်ကို တောင်းဆိုတာဖြစ် တယ်လို့ ဒီနေ့ ဆန္ဒပြရာမှာပါဝင်တဲ့ ကျောက်ဆည် နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုအောင်မင်းခန့်က ပြောပါတယ်။
"အမျိုးသားပညာရေးဥပဒေကို လက်ရှိလွှတ်တော်နဲ့ အစိုးရကနေ အမြန်ဆုံး ကျနော်တို့လိုချင်တဲ့ ဥပဒေဖြစ်အောင် ပြင်ဆင်အတည်ပြုပေးဖို့ရယ်၊ ပင်မသပိတ်စစ်ကြောင်းကို ထောက်ခံတဲ့အနေနဲ့ ကျနော်တို့ ဒီပွဲလေးကိုလုပ်ရတာပါ၊ ပညာရေးဥပဒေ ဟာ ကျနော်တို့လိုချင်တဲ့ ဥပဒေမဖြစ်ခင်အထိ၊ ကျနော်တို့လိုချင်တဲ့ ဥပဒေမရခင်အထိ ကျနော်တို့ ကျောက်ဆည်ခရိုင်ကတော့ တိုက်ပွဲဝင်သွားပါမယ်"
ဆန္ဒပြကျောင်းသား ကျောင်းသူ ၇၀ ကျော်ဟာ ကျောက်ဆည်နည်းပညာတက္ကသိုလ်၊ ကျောက်ဆည်ဈေးနဲ့ ဗိုလ်ချုပ် ပန်းခြံမှာ လှည့်လည်ဆန္ဒပြပြီး ဗိုလ်ချုပ်ကြေးရုပ်ကို သွားရောက်အလေးပြုခဲ့ကြပါတယ်။