ဒေါ်အောင်ဆန်းစုကြည်ဟာ အချိန်မတိုင်ခင် မဲဆွယ်စည်းရုံးတယ်ဆိုပြီး နေပြည်တော်ကနေ တသီးပုဂ္ဂလအနေနဲ့ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဦးကျော်ဝင်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ဒီနေ့ တိုင်ကြား လိုက်ပါတယ်။
အဲ့ဒီတိုင်ကြားမှုနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်နဲ့ ဆောင်ရွက်မှာဖြစ်တယ် လို့ နေပြည်တော်ကောင်စီနယ်မြေ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အဖွဲ့ဝင် ဦးမိုးဇော်က ပြော ပါတယ်။
"တိုင်ကြားစာ ရောက်နေတယ်ဆိုတာတော့ သိပါတယ်၊ ကျနော်တို့ဆီကို လိပ်မူပြီးတိုင်တာမဟုတ်ဘူး ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို လိပ်မူပြီးတိုင်တာပါ၊ တိုင်တဲ့အခါကျတော့ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က ဒီဟာကို ကျနော်တို့က စိစစ်ပါဆိုရင် ကွင်းဆင်းစစ်ဆေးရမှာပေါ့၊ နောက် သူတို့ဆီမှာပဲခေါ်ပြီး စစ်မယ်ဆိုလို့ရှိရင်လည်း သူတို့ဟာသူတို့စစ်မှာပေါ့၊ ကျနော်တို့ဆီက လောလောဆယ် လာမှလုပ်စရာမလိုဘူး"
အန်အယ်လ်ဒီပါတီဝင်တွေနဲ့ ပန်းရဲ့လမ်းဂီတအဖွဲ့ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်က ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်း ရပ်ကွက်မှာ 'ပြောင်းလဲချိန်တန်ပြီ၊ အမှန်တကယ်ပြောင်းလဲဖို့ အန်အယ်လ်ဒီကို မဲပေးစို့' စာသားနဲ့ ဒေါ်အောင်ဆန်း စုကြည် ဓာတ်ပုံပါတဲ့ လက်ကမ်းကြော်ငြာတွေကို ဝေငှခဲ့တာကြောင့် တိုင်ကြားတာဖြစ်တယ်လို့ ဦးကျော်ဝင်းရဲ့ တိုင်ကြားစာမှာ ပါရှိပါတယ်။
ဦးကျော်ဝင်းဟာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ညွှန်ချုပ်ဟောင်းဖြစ်ပြီး လာမယ့် ရွေးကောက်ပွဲ မှာ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁ဝ မှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်ကြားထားတာနဲ့ပတ်သက်ပြီး ဦးကျော်ဝင်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေကြားခဲ့ခြင်းမရှိပါဘူး။
အဲ့ဒီလို တိုင်ကြားတဲ့ ဦးကျော်ဝင်းနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြင့်လှိုင်တို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်ထွန်းက ဒီနေ့ ကော်မရှင်ထံ ပြန်လည်တိုင်ကြားလိုက်ပါတယ်။
သူတို့နှစ်ဦးဟာ လာဘ်ပေးပြီး မဲဆွယ်စည်းရုံးတဲ့အတွက် တိုင်ကြားတာဖြစ်တယ်လို့ အန်အယ်လ်ဒီပါတီ ဒက္ခိဏသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်ထွန်းရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ် ဒေါ်သန်းသန်းစိုးက ပြောပါတယ်။
"ဦးမြင့်လှိုင်တို့ ဦးကျော်ဝင်းတို့ကနေပြီးတော့ မဲဆွယ်စည်းရုံးတဲ့အခါမှာ ပစ္စည်းကိုအသုံးပြုပြီးတော့ လာဘ်ပေးတဲ့သဘောနဲ့ မဲဆွယ်စည်းရုံးခဲ့လို့ ဥပဒေနဲ့မညီလို့ အဲ့ဒီအတွက်နဲ့ပတ်သက်ပြီးတော့ တိုင်စာလာပို့တာပါ၊ ပြီးရင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကိုလည်း စာတိုက်ကနေ သွားပို့မှာပါ"
လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင်နဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးကျော်ဝင်းဟာ ဒီလ ၄ ရက်နေ့က သူတို့ကို မဲပေးဖို့ ထီးတွေ၊ ယပ်တောင်တွေ၊ ကျောင်းသုံးပရိဘောဂတွေနဲ့ အဝတ်အစားတွေ ဝေခဲ့တာဖြစ်ပါတယ်။