ကျိန်ခရန်ချောင်း ရေကာတာကျိုးပေါက် သောက်သုံးရေခက်ခဲ

မြစ်ဆုံစီမံကိန်းကြောင့် အဓမ္မပြောင်းရွှေ့ခံလိုက်ရတဲ့ တန်ဖရဲ၊ လဖျဲ့-ပဒန်၊ မြစ်ဆုံ စတဲ့ရွာတွေက ရွာသားတွေ ယာယီအခြေချနေထိုင်တဲ့ အောင်မြင်သာကျေးရွာမှာ သောက်သုံးရေ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ သိရှိရပါတယ်။

ဒီလ ၂၁ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ တောင်ကျချောင်းရေနဲ့ ကျိန်ခရန်ချောင်းရေတွေ အရှိန်ပြင်းစွာ စီးဆင်းခဲ့တဲ့အတွက် ကျိန်ခရန်ချောင်း ရေကာတာ ကျိုးပေါက်ပြီး အောင်မြင်သာရွာကို ရေပေးဝေနေတဲ့ ရေပိုက်လိုင်း ပျက်စီးခဲ့ပြီး သောက်သုံးရေ ပြတ်လပ်ခဲ့တာလို့ ရွာသားတွေက ပြောပါတယ်။

အခုလက်ငင်းမှာ ရေဝယ်သုံးနေရပြီး ဒုက္ခရောက်နေတဲ့ အခြေအနေတွေကို ရွာသားတစ်ဦးက RFA ကို အခုလိုပြောပါတယ်။

"သောက်ရေသုံးရေ လုံးလုံးကို အစဉ်မပြေတော့ဘူး ဖြစ်နေတယ်။ ကျွန်တော်တို့ တစ်မိုင်ကျော် နှစ်မိုင်လောက်ဝေးတဲ့ ကျိန်ခရန်ချောင်းကို သွားပြီးတော့ ဆိုင်ကယ်ရှိတဲ့သူက ဆိုင်ကယ်နဲ့သယ်ကြရတယ်။ ဆိုင်ကယ်မရှိတဲ့သူတွေက စက်ဘီးနဲ့ သယ်ရတယ်။ အဲဒီရေကိုပဲ ကျိုချက်သောက် ဒီအတိုင်းပဲနေ နေရတယ်။ မနေ့ကစပြီးတော့ မြစ်ကြီးနားက သုံးဘီးနဲ့ ရေလာရောင်းတာရှိတယ်။ အဲဒီရေသန့်ကိုပဲ ကျွန်တော်တို့ ဝယ်ပြီးသုံးနေရတယ်။ ပိုက်ဆံရှိတဲ့ လူတွေကတော့ ဝယ်သုံးနိုင်ကြတာပေါ့။ ပိုက်ဆံမရှိတဲ့လူတွေကျတော့လည်း ရေသန့်တစ်ဗူး ၉၀၀ ဆိုတဲ့ နှုန်းထားက အရမ်းများတယ်ဗျ။ ရေရှည်ဆိုရင်တော့ အဲဒီအတွက်ကို တော်တော်လေး စဉ်းစားရမယ်"

လက်ရှိ အောင်မြင်သာကျေးရွာဟာ ကျိန်ခရန်ချောင်း ရေစီးတဲ့လမ်းကြောင်းပေါ်မှာ ရှိနေတဲ့အတွက် တောင်ကျချောင်းရေ ဒဏ်ခံနိုင်ဖို့အတွက် CPI နဲ့ အေးရှားဝေါလ် ကုမ္ပဏီတို့က ရေကာတာ တည်ဆောက်ထားပေးရာမှာ ခိုင်ခံ့ခြင်းမရှိတဲ့အတွက် အခုလိုတာရိုးကျိုးပြီး ရေပိုက်ပျက်စီးကာ သောက်သုံးရေ ခက်ခဲနေရတာလို့ ရွာသားတွေက ပြောပါတယ်။