ကြို့ပင်ကောက်မြို့ ကျူးကျော်ဆိုင်ရှင်များ အသနားခံစာတင်

ပဲခူးတိုင်းအနောက်ပိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့က ကျူးကျော်ဆိုင်ခန်း ရာပေါင်းများစွာကို မြို့နယ်စည်ပင်က ဒီလ ၃ဝ ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းရွှေ့ပေးရမယ်လို့ အမိန့်ထုတ်ပြန်ခဲ့တဲ့အတွက် ဆိုင်ခန်းရှင်တွေက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ အသနားခံစာတင်ခဲ့ကြပါတယ်။

ဒီကနေ့မှာတော့ ကျူးကျော်ဆိုင်ခန်းပိုင်ရှင် ၇ဝ လောက်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို အသနားခံ စာသွားတင်ခဲ့ကြောင်း ဆိုင်ခန်းပိုင်ရှင်တစ်ဦးဖြစ်သူ ဦးတင်အောင်စိုးက RFA ကို ပြောပါတယ်။

"မြို့နယ်စည်ပင်သာယာကနေပြီးတော့ မြို့ပေါ်မှာရှိတဲ့ ကျူးကျော်ဆိုင်ခန်းတွေအားလုံးကို ဇူလိုင် ၂၃ ရက်နေ့က သတိပေးစာထုတ်ပြီးတော့ ကျနော်တို့ကို ဖယ်ရှားခိုင်းပါတယ်ခင်ဗျာ၊ ဖယ်ရှားမပေးလို့ရှိရင် စည်ပင်သာယာရဲ့ တည်ဆဲဥပဒေနဲ့ အရေးယူမယ်လို့ ပြောပါတယ်ခင်ဗျ၊ ဒီနေ့ဇူလိုင် ၂၉ ရက်နေ့မှာ ကျူးကျော်ဆိုင်အားလုံးမဟုတ်ပေမယ့် တော်တော်များများဟာဆိုလို့ရှိရင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ၁ဝ နာရီလောက်ကသွားပြီးတော့ အသနားခံစာတင်ခဲ့ပါတယ်၊ တင်တဲ့အချိန်မှာလည်း တာဝန်ရှိတဲ့ပုဂ္ဂိုလ်ကလည်း ကျနော်တို့စာတွေကို လက်ခံထားပေးပါတယ်"

လက်ရှိဆိုင်ခန်းနေရာတွေမှာ သူတို့လုပ်ကိုင်စားသောက်လာတာ အခုဆိုရင် ၁ဝ နှစ်ကျော်ရှိနေပြီလို့ ပြောပါတယ်။ အရင်ကသူတို့တွေကို ဖယ်ရှားပေးဖို့ ပြောဆိုတာတွေမရှိခဲ့ပေမဲ့ ဒီနှစ်ထဲမှာမှ မြို့နယ်စည်ပင်က ဖယ်ရှားပေးဖို့အတွက် အမိန့်စာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဆိုင်ခန်းတွေပြောင်းပေးရမယ်ဆိုရင် သူတို့မှာစားဝတ်နေရေးခက်ခဲမှာကြောင့် အထက်အဆင့်ဆင့်ကို အသနားခံစာတင်သွားမယ်လို့လည်း ပြောပါတယ်။