ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများကို တရားဝင်မှတ်ပုံတင်ခွင့် စတင်

ထိုင်းနိုင်ငံ စမုတ်ဆာခွန် ခရိုင်၊ မဟာချိုင် ဒေသမှာ ရှိတဲ့ တလထလေ ပင်လယ်ငါးဈေး အနီး ဖွင့်လှစ်ထားတဲ့ အလုပ်သမား မှတ်ပုံတင်ရုံးကို မြန်မာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမောင်မြင့်က ထိုင်း အလုပ်သမား ဝန်ကြီး ချလန်ချိုင်း စီရီအွန် နဲ့အတူ သွားရောက် ကြည့်ရှုပြီး အလုပ်သမားများ မှတ်ပုံတင်ရေး ကိစ္စကို အသေးစိပ် ရှင်းလင်း ပြောကြား သွားကြပါတယ်။

2011.06.15
labor_thai_burma_minister_305_z.jpg ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများကို တရားဝင်မှတ်ပုံတင်ခွင့် စတင်တဲ့ ၂၀၁၁ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှာ ထိုင်းနိုင်ငံ စမုတ်ဆာခွန် ခရိုင်၊ မဟာချိုင် အလုပ်သမား မှတ်ပုံတင်ရုံးကို မြန်မာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမောင်မြင့်က ထိုင်း အလုပ်သမား ဝန်ကြီး ချလန်ချိုင်း စီရီအွန် နဲ့အတူ သွားရောက် ကြည့်ရှုပြီး အလုပ်သမားများ မှတ်ပုံတင်ရေး ကိစ္စ ရှင်းလင်း ပြောကြားနေပုံ။ (ဓါတ်ပုံ RFA)
RFA

ဒုဝန်ကြီး ဦးမောင်မြင့်က မှတ်ပုံတင်ရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး -

“ကျန်နေတဲ့ မြန်မာ အလုပ်သမားတွေ အားလုံးအတွက် တရားဝင် လမ်းကြောင်းအပေါ်ကို ရောက်လာအောင် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ မနှစ်က နှစ်ကုန်မှာ လုပ်ခဲ့တဲ့ အစည်းအဝေးမှာပဲ ဒီမှတ်ပုံတင်တဲ့ သက်တမ်းကို ပြန်တိုးပေးဖို့ ထိုင်းနိုင်ငံဘက်ကို ကျနော် မေတ္တာရပ်ခံတဲ့ အခါမှာ ထိုင်းနိုင်ငံဘက်က မှတ်ပုံတင် သက်တမ်းကို တလ ထပ်တိုးပေးပါတယ်။ အဲဒီ တလအတွင်းမှာ မြန်မာ အလုပ်သမားတွေ ကျန်နေတဲ့ အလုပ်သမားတွေ အားလုံး မှတ်ပုံလာတင်အောင် ကျနော် ကိုယ်တိုင်ပဲ အခု ဒီမှာ အဖွဲ့ တဖွဲ့ကို ဦးဆောင် လာရောက် ပြီးတော့ သူတို့ကို အားပေးတာပါလို့ ပြောပါတယ်။

အလုပ်သမားများဟာ ထိုင်းနိုင်ငံမှာ တရားဝင် ဖြစ်လာရင် ဆေးဝါး ကုသခွင့်နဲ့ နစ်နာကြေး ခံစားခွင့်တို့ အစရှိတဲ့ အလုပ်သမား အခွင့်အရေးတွေ ရရှိလာမှာ ဖြစ်ပါတယ်။

မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအို နိုင်ငံတို့က တရားမဝင် အလုပ်သမားတွေကို တရားဝင် မှတ်ပုံတင်ရေး အစီအစဉ်ကို ထိုင်းနိုင်ငံ ခရိုင် ၇၆ ခုလုံးမှာ ဒီကနေ့ ကနေ ဇူလိုင်လ ၁၄ ၇က်နေ့အထိ တလကြာ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

အဲဒီ အစီအစဉ် ပြီးဆုံးသွားရင်တော့ တရားမဝင် အလုပ်သမားတွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ် သွားမယ်လို့ ထိုင်း အလုပ်သမား ဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် အခုလို မှတ်ပုံတင်ခွင့်ပြုတာဟာ ပုန်းရှောင်နေတဲ့ ဒီအလုပ်သမားတွေကို တရားဝင် မြေပေါ်ရောက်အောင် ထိုင်းအစိုးရ အနေနဲ့ ကူညီ လုပ်ဆောင်ပေးလိုက်တယ် ဆိုတာ နိုင်ငံတကာ အဖွဲ့အစည်းတွေကို သိစေချင်ကြောင်းလည်း သူကဆိုပါတယ်။

ဦးမောင်မြင့်ကတော့ "ပြည်တွင်းမှာရှိတဲ့ အလုပ်သမားတွေ သာမက ပြည်ပမှာရှိတဲ့ တရားဝင်ကော တရားမဝင်ကော အလုပ်သမားတွေ အားလုံးကို စောင့်ရှောက် ပေးဖို့ကတော့ ကျနော်တို့ အစိုးရရဲ့ တာဝန် ဖြစ်ပါတယ်။ အားလုံးကို ပြေလည်အောင် ပြီးပြတ်အောင် အခွင့်အရေး အပြည့်အဝ ရစေအောင် ဆက်ပြီးတော့မှ ကြိုးစားသွားမှာ ဖြစ်ပါတယ်" လို့ ဆိုပါတယ်။

အလုပ်သမား လက်မှတ် အသစ် ပြုလုပ်ပြီးတဲ့ အလုပ်သမားတွေဟာ ယာယီ နိုင်ငံကူး လက်မှတ်ကို ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ အလယ်ပိုင်း နခွန်ဆဝမ်နဲ့ မဟာချိုင် ဒေသတွေမှာလည်း ပတ်စပို့ရုံးတွေ ဖွင့်ပေးသွားဖို့ ဆက်လက် ညှိနှိုင်းသွားမယ်လို့ လည်း ဦးမောင်မြင့်က ပြောသွားပါတယ်။

ထိုင်းနိုင်ငံမှာ တရားဝင်ရော တရားမဝင်ကော မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေတင်ပဲ ၂သန်းခန့် ရှိမယ်လို့ အလုပ်သမားရေး အဖွဲ့တွေက ခန့်မှန်းထားပါတယ်၊ ဒါပေမယ့် ဒီနှစ် ဖေဖေါ်ဝါရီလကုန် မှတ်ပုံတင် စာရင်းအရ မြန်မာ အလုပ်သမား (၇) သိန်းကျော်သာ မှတ်ပုံတင်ထားတဲ့ အတွက် ကျန်အလုပ်သမားတွေ တရားဝင်ဖြစ်ရေး အတွက် ထိုင်းအစိုးရက အခုလို မှတ်ပုံတင်ခွင့် ထပ်မံ ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။