အလုပ်သမားခန့်အပ်ရေး ဥပဒေများ ပြင်ဆင်ပေးဖို့ ဝန်ကြီး ဌာန ငြင်းဆို

0:00 / 0:00

အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အလုပ်သမားများနဲ့ ပတ်သက်တဲ့ ဥပဒေများ နည်းဥပဒေများထဲက အငြင်းပွားဖွယ်ရာတွေကို ပြင်ဆင်ပေးဖို့ သုံးပွင့်ဆိုင်အစည်းအဝေးမှာ တင်ပြရာမှာ အလုပ်သမားဝန်ကြီးဌာန က ပြင်ဆင်ပေးဖို့ မရှိကြောင်း တုန့်ပြန်လိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အလုပ်သမား၊ အလုပ်ရှင်နဲ့ အလုပ်သမားဝန်ကြီးဌာန သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို ဇန်နဝါရီလ ၃၁-ရက်နေ့က စက်မှုကုန်သည်ကြီးများ အသင်းချုပ်မှာကျင်းပရာမှာ အလုပ်သမားများကိုခန့်ထားတဲ့ အခါမှာ ချုပ်ဆိုရမယ့် စာချုပ်အပါအချက်အလက်များ အပါအဝင် ပြင်ဆင်သင့်တာတွေကို အလုပ်သမား နဲ့ အလုပ်ရှင်ဘက်က တင်ပြကြရာ အလုပ်သမားဝန်ကြီးဌာနက ပြင်ဆင်ဖို့မရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။ အစည်းအဝေးကို တက်ရောက်သူ စက်မှုကုန်သည် ကြီးများ အသင်းချုပ်က တွဲဘက်အတွင်းရေးမှူး ဦးအေးလွင်က ပြောပါတယ်။

"အလုပ်သမားဥပဒေတွေ၊ ခံစားခွင့်ဆိုင်ရာဥပဒေတွေ ၊ နည်းဥပဒေတွေ စတင်ရေးဆွဲထဲက အလုပ်သမားနဲ့ အလုပ်ရှင်များနဲ့ ပါဝင်တဲ့အဖွဲ့တွေနဲ့ နည်းဥပဒေကြမ်း ကို ပြင်ဆင်ဖို့အကြံပေးတယ်၊ ထွက်လာတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေက ကျနော်တို့ အလုပ်ရှင်တွေရော၊ အလုပ်သမားတွေရော၊ တင်ပြတောင်းဆိုတဲ့ အချက် အလက်တွေ ပါမလာဘူး၊ နောက်တစ်ခါ အလုပ်ရှင်၊ အလုပ်သမား စာချုပ်ကိုလည်း ကြိုတင်ပြင်ဆင်ပြီးတော့ မထုတ်ပြန်ခင်မှာ တင်ပြတဲ့အခါမှာလည်း သူရဲ့ နည်းဥပဒေတွေ အားနည်းနေတဲ့အတွက် အငြင်းပွားဖွယ်ရာတွေကိုတင်ပြခဲ့တယ်၊ စာချုပ်ထွက်လာတော့လည်း ပါမလာဘူး၊ အလုပ်သမားဝန်ကြီးဌာနဖက်က သူတို့အနေနဲ့ သူတို့ရဲ့သဘောထားကိုပဲ အဓိကဦးစားပေးရေးတဲ့ စာချုပ်ဖြစ်တယ်၊ အဲ့စာချုပ်က စာမျက်နှာ ၁၇ မျက်နှာရှိတယ်"

ဝန်ကြီးဌာနက ပြင်ဆင်ဖို့ ငြင်းဆိုပေမယ့် အစည်းအဝေးမှာ စာမျက်နှာ ၁၇-မျက်နှာရှိနေတဲ့ အလုပ်သမားများကို ခန့်ထားရာမှာ ချုပ်ဆိုရမဲ့စာချုပ်ထဲက ဖေါင်းပွနေ တဲ့ စာသားများ တူညီချက်များ စတာတွေကို ပေါင်းစုပြီး စာမျက်နှာ ငါးမျက်နှာရှိစာချုပ်ကို ပြင်ဆင်ဖို့ အလုပ်ရှင်အလုပ်သမား အဖွဲ့တွေက ဆက်လက်တင်ပြခဲ့ ပါတယ်။ ဒါပေမဲ့ အလုပ်သမား ဝန်ကြီးဌာနက ပြင်ဆင်ခွင့်မပြုဘူးလို့ သိရပါတယ်။

ဒီအစည်းအဝေးကို ရန်ကုန်မြို့UMFCCI စက်မှုကုန်သည်ကြီးများ အသင်းချုပ်မှာ ကျင်းပတာဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနက ဒုတိယဝန်ကြီး အပါအဝင် ဝန်ကြီး ဌာနက ညွှန်ချုပ်နဲ့ ညွှန်ကြားရေးမှူးများ၊ အလုပ်သမားသမဂ္ဂအသီးအသီးက ဥက္ကဌ အတွင်းရေးမှူးများ၊ လုပ်ငန်းရှင်များ ကိုယ်စလှယ်များ အပြင်ILO ဌာနေ ကိုယ်စားလှယ်နဲ့ UMFCCI ဥက္ကဌနဲ့ အတွင်းရေးမှူးအဖွဲ့ တက်ရောက်တာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပပေးမယ့် စက်မှုကုန်သည်ကြီးများ အသင်းက တွဲဘက်အတွင်းရေးမှူး ဦးအေးလွင်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။