တိုင်းရင်းသားအရေး ဆွေးနွေးပွဲ လိုင်ဇာမှာဆက်လက်ကျင်းပ


2014.07.30
laiza-conference-620.jpg ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ ၂ဝ၁၃ ခုနှစ် အောက်တိုဘာလ ၃ဝ ရက်နေ့က စတင်ကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ညီလာခံကို မြင်ရစဉ်
photo: RFA/ Sai Htun Aung lwin

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၁၆ ဖွဲ့နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ RCSS/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေး တပ်မတော်တို့ရဲ့ အစည်းအဝေးကို ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ဒီနေ့ ကျင်းပကြပါတယ်။

အဲဒီဆွေးနွေးပွဲမှာ တိုင်းရင်းသားအဖွဲ့ ၁၆ ဖွဲ့သဘောတူ ထားတဲ့အချက် ၁၀ ချက်ပါ အပစ်အခတ်ရပ်စဲရေးမူကြမ်း ကို ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးရော RCSS အဖွဲ့တို့ကပါ သဘော တူကြပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ကို အစိုးရကိုယ်စားလှယ်အဖွဲ့ နဲ့ညှိနှိုင်းရေးလုပ်ပိုင်ခွင့် အပ်နှင်းကြတယ်လို့သိရ ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အားလုံးက ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မယ့် အခြေခံသဘောတရားအပေါ် မူတည်ပြီး အစိုးရနဲ့စေ့စပ်ဆွေးနွေးသွားမှာဖြစ်သလို၊ အဲဒီကနေတဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်မြောက် လာအောင် ဆောင်ရွက်မှာဖြစ်တဲ့အတွက် ABSDF အဖွဲ့ကလည်း တိုင်းရင်းသားအဖွဲ့တွေရဲ့ ဆောင်ရွက်ချက်အတိုင်း သဘောတူပါဝင်မှာဖြစ်တယ်လို့  ABSDF ဥက္ကဌ ကိုသံခဲက RFA ကိုပြောပါတယ်။

ဒီဆွေးနွေးပွဲကို NCCT အဖွဲ့ဝင်မဟုတ်တဲ့ အခြားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေကို ဖိတ်ကြားရာမှာ UWSP ဝပြည် သွေးစည်းညီညွတ်ရေးပါတီ၊ မိုင်းလားအဖွဲ့နဲ့ နာဂအဖွဲ့ကိုလည်း ဖိတ်ကြားခဲ့ပေမဲ့ အဲဒီအဖွဲ့တွေ မတက်ရောက်ကြဘူးလို့သိရပါတယ်။

အခုထိပ်သီးညီလာခံကနေရရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရဲ့ ဘုံသဘောတူညီချက်အရ တိုင်းရင်းသားအဖွဲ့တွေရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ NCCT အဖွဲ့နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်မှုကော်မတီ တို့အခုလာမယ့် သြဂုတ်လထဲမှာတွေ့ဆုံကြမှာဖြစ်ပါတယ်။

ဒါပေမယ့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်မယ့်ကာလနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်မယ့်ကာလကိုတော့ တိတိကျကျပြောဆိုဖို့မဖြစ်နိုင်သေးဘူးလို့သိရပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ABSDF ကျောင်းသားတပ်မတော် ဥက္ကဌ ကိုသံခဲကို RFA အဖွဲ့သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ဘဲ PLO ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။