လိုင်ဇာသြင်္ကန် ယခုနှစ် ထူးခြားစွာကျင်းပ


2013.04.15

တရုတ် မြန်မာနယ်စပ် ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုဌာနချုပ် လိုင်ဇာမှာ ဒီနှစ်သြင်္ကန်ပွဲကို ခါတိုင်းနှစ်တွေနဲ့မတူပဲ စည်စည်ကားကား ကျင်းပနေတယ်လို့ လိုင်ဇာမြို့တော်ဝန်က ဒီနေ့မှာပြောပါတယ်။

အရင်နှစ်တွေက သြင်္ကန်ဟာ သာမန်ရေပက်တာလောက်သာ ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ သြင်္ကန်ဖြစ်မြောက်ရေးအဖွဲ့တွေဖွဲ့ပြီး၊ လိုင်ဇာမြို့အဝင် မိုးလဲချောင်းတံတားထိပ်မှာ သြင်္ကန်မဏ္ဍပ်ထိုးပြီး စည်စည်ကားကား ကျင်းပကြပါတယ်။ အဲဒီလို ဆင်နွဲှနေရာမှာ သြင်္ကန်အက၊ သံချပ်ပြိုင်ပွဲတွေအပြင် ညဖက်မှာ စင်တင်တေးဂီတနဲ့ ဖျော်ဖြေတာတွေရှိပါတယ်။

အရင်ကမရှိခဲ့ပဲ ဒီနှစ်မှထူးခြားစွာကျင်းပဖြစ်တဲ့ အကြောင်းကိုတော့ လိုင်ဇာမြို့တော်ဝန် ကရိန်နော်အောန်က အခုလိုပြောပြပါတယ်။

"ဒီမှာကတော့ စတိတ်ရှိုးအပိုင်း နောက်မှ ရိုးရာအက၊ ယိမ်းအကတွေပေါ့၊ သြင်္ကန်ဆိုတာ အရင်က လိုင်ဇာက ပြည်သူတွေ သိထားတာကတော့ ဒီဗုဒ္ဓဘာသာကို အခြေခံပြီးတော့မှ လုပ်ထားတယ်ဆိုတာ သိထားတာ၊ ဒါပေမယ့်အခု တကယ်တန်းသိလာတာကတော့ ဗမာပြည်အားလုံးနဲ့ဆိုင်တဲ့ နှစ်သစ်အတာသြင်္ကန်ဆိုတာ သိလာရတယ်၊ ဒီမှာလည်း ကျနော်တို့ ဗမာပြည်ပါပဲ၊ ဒါကြောင့် ဘယ်နေရာမှာဖြစ်ဖြစ် ကျနော်တို့ပြည်သူတွေ၊ ကျနော်တို့ တိုင်းရင်းသားတွေ စုစည်းပြီးလုပ်သွားမယ်ဆိုတဲ့ အပိုင်းမှာရှိတယ်၊ နောက်နှစ်မှာလည်း ဒီ့ထက်ပိုပြီးမှ စည်စည်ကားကားလုပ်သွားနိုင်မယ်လို့ မျှော်လင့်တယ် "

လိုင်ဇာမြို့တဝိုက်မှာ ကေအိုင်အေတပ်တွေတင်မကပဲ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ရခိုင် စတာတွေအပြင် တခြားတပ်ဖွဲ့တွေလည်း ရှိတာကြောင့် အခုလိုကျင်းပဖြစ်တာလို့လည်း လိုင်ဇာမြို့တော်ဝန်က ရှင်းပြပါတယ်။

လိုင်ဇာမြို့မှာ ကချင်တိုင်းရင်းသားတွေအပြင် ဗမာ၊ ရှမ်း၊ ရခိုင် တိုင်းရင်းသားတွေလည်း နေထိုင်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။